အမေဒါဘတ်ရှိ အဆာဝါ ပြည်သူ့ဆေးရုံတွင် Air India လေယာဉ်ပေါ်ရှိ သူတို့ ချစ်ရသူများကို ရှာဖွေနေကြသော ဆွေမျိုးများကြားတွင် အိပ်ရာတစ်ခုပေါ် ၌ လဲလျောင်းနေသည့် အသက် ၄၀ အရွယ် Vishwash Kumar Ramesh က သေဘေးမှ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
“ပျံသန်းပြီး သုံးဆယ်စက္ကန့်အကြာမှာ ဆူညံသံအကျယ်ကြီး တစ်ခုထွက်ပြီး လေယာဉ်ပျက်ကျခဲ့တယ်။ အားလုံးက ဖြစ်သွားတာအရမ်းကို မြန်ဆန်လွန်းတယ်” ဟု ရင်ဘတ်၊ မျက်လုံးများနှင့် ခြေ တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော Vishwash က ပြောသည်။
Gatwick သို့ သွားမည့် Air India လေယာဉ် – Boeing 787-8 သည် လေယာဉ်အမှုထမ်းများအပါအဝင် လူ ၂၄၂ ဦး တင်ဆောင်ကာ ယနေ့ နေ့လည် ၁:၃၉ နာရီတွင် ပျံတက်ခဲ့ပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျကာ မီးလောင်ခဲ့သည်။
လေကြောင်းလိုင်း ထုတ်ပြန်ချက်အရ ခရီးသည် ၂၃၀ ယောက်အနက် အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၃ ယောက်၊ ပေါ်တူဂီနိုင်ငံသား ခုနစ်ယောက်နှင့် ကနေဒါနိုင်ငံသား တစ်ယောက်တို့ ပါဝင်သည်။
ဗြိတိန် နိုင်ငံသား Vishwash သည် သူ့မိသားစုများထံ လည်ပတ်ရန် အိန္ဒိယတွင် အနည်းငယ်နေထိုင်ခဲ့ပြီး သူ၏ အစ်ကို Ajay Kumar Ramesh (အသက် ၄၅ နှစ်) နှင့်အတူ ယူကေသို့ ပြန်ခဲ့သူ ဖြစ်သည်။
လေယာဉ်ပေါ်တက်ခွင့် Boarding pass ကတ်ကို ထိန်းသိမ်းထားဆဲဖြစ်သည့် Vishwash က “ကျနော် ထလိုက်တော့ ကျနော့်ပတ်လည်မှာ အလောင်းတွေ နေရာတကာရှိနေတယ်။ ကြောက်ခဲ့တယ်။ ထရပ်ပြီး ပြေးခဲ့တယ်။ ကျွန်တော့်ပတ်လည်မှာ လေယာဉ်အပိုင်းအစတွေ နေရာတကာရှိနေတယ်။ တစ်စုံတစ်ယောက်က ကျနော့်ကို ဆွဲကိုင်ပြီး လူနာတင်ကားပေါ် တင်ပြီး ဆေးရုံကို ခေါ်ဆောင်ခဲ့တယ်” ဟု ဖြစ်စဉ်ကို ပြောသည်။
Vishwash သည် လန်ဒန်တွင် နှစ် ၂၀ နေထိုင်ခဲ့ပြီး သူ့ဇနီးနှင့် ကလေးများမှာလည်း လန်ဒန်တွင် နေထိုင်ကြသည်။ ၎င်း၏ အစ်ကိုဖြစ်သူ Ajay ကတော့ လေယာဉ်ပေါ်တွင် တခြားတန်းမှာ ထိုင်ခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ ဒီယူကို သွားခဲ့တယ်။ သူက ကျွန်တော်နဲ့အတူ ခရီးသွားခဲ့ပြီး အခုတော့ သူ့ကို ရှာမတွေ့တော့ဘူး။ သူ့ကို ရှာတွေ့ဖို့ ကူညီပေးပါ” ဟု ၎င်းက ဆိုသည်။
ဆေးရုံ၏ အခြားနေရာများတွင်တော့ Air India လေယာဉ်ပေါ် ပါလာသည့် ခရီးသည်များ၏ မိသားစုဝင်များနှင့် မိတ်ဆွေများက ၎င်းတို့၏ ဆွေမျိုးများကို ရှာဖွေနေကြသည်။
ထိုသူများထဲတွင် လေယာဉ်ပေါ် လိုက်ပါခဲ့သည့် ဂူဂျာရတ်ပြည်နယ် အဆင့်မြင့်ဝန်ကြီးချုပ်ဟောင်း Vijay Rupani ၏ မိသားစုဝင်များလည်း ပါနေသည်။
Rupani ၏ ယခင် လက်ထောက်ဖြစ်သူ Sailesh Mandliya ကလည်း အဆင့်မြင့်ဝန်ကြီးချုပ်ဟောင်းကို ရှာနေသည့်အတွက် ဆေးရုံသို့ ရောက်နေသည်။ “ကျနော်တို့ သူ့ကို ရှာနေပါတယ်။ တစ်ခုခု သိလာရင် ကျနော့်ကို အသိပေးပါ” ဟု Mandliya က ပြောသည်။
ယူကေနိုင်ငံ လန်ဒန်မြို့ရှိ ဂတ်ဝစ်လေဆိပ်သို့ သွားရောက်မည့်ခရီးသည် ၂၄၂ ဦးကို သယ်ဆောင်လာသည့် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်သည် နိုင်ငံ အနောက်ပိုင်း အမေဒါဘတ်မြို့ရှိ လေဆိပ်အနီးတွင် ယနေ့ ပျက်ကျခဲ့သည်ဟု လေကြောင်းလိုင်းနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါ Boeing 787-8 လေယာဉ်သည် ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ နောက်ဆုံးဆက်သွယ်မှုရရှိခဲ့သည်ဟုလည်း Air India က ထုတ်ပြန်ခဲ့ပြီး ယခုဖြစ်စဉ်သည် Boeing 787 လေယာဉ်သမိုင်းတလျှောက် ပထမဆုံး မတော်တဆမှုဖြစ်စဉ်လည်း ဖြစ်သည်။
သတင်းနှင့် ဓာတ်ပုံ – Hindustan Times