စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တပ် PNO/PNA တို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများသို့ အင်အား ၁၀၀၀ ကျော်ဖြင့် ဇွန်လ ၂ ရက်တွင် စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲပြင်းထန်နေသည်ဟု PDF နည်းဗျူဟာအမှတ် (၁၄) ထံမှ သိရသည်။
ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်ရှိ ရေပူကျေးရွာသို့ ဇွန်လ ၂ ရက်မှစတင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၁ ရက်အထိ တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု PDF နည်းဗျူဟာအမှတ် (၁၄) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ဒါသူတို့ (စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်များ) စစ်xxxx နဲ့ ပေါင်းပြီးတော့ စစ်ကြောင်းထိုးလာတာ မြေပြင်ရဲဘော်တွေ ပြောပြချက်အရတော့ သူတို့အင်အားအရမ်းများတယ်။ တစ်ထောင်အထက်မှာ ရှိတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
ဖယ်ခုံ၊ ညောင်ရွှေဒေသအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ပြီ ဖြစ်သည်ဟု South Shan Tactical Command-1 PDF ကလည်း ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့ တစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး ပအိုဝ်းပြည်သူ့စစ် ငါးဦးထက်မနည်း တိုက်ပွဲတွင်း ကျဆုံးခဲ့သည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု လဆန်းပိုင်းမှစ၍ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တပ်များ စစ်ကြောင်းထိုးလာသော ဒေသများသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးရွာများဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ညောင်ရွေမြို့နယ်တွင် ကျေးရွာ နှစ်ရွာထက်မနည်းကို ထိန်းချုပ်ထားသည်ဟု PDF နည်းဗျူဟာအမှတ် (၁၄) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုဒေသများသည် ညောင်ရွှေမြို့သို့ သိမ်းပိုက်ရန် အတွက် နိုင်ငံရေး၊ စစ်ရေးအရ များစွာ အရေးပါသည်ဟုလည်း ဆိုသည်။ “ကျွန်တော်တို့ ညောင်ရွှေကို ဆက်ပြီး တိုးချဲ့နိုင်မှလည်း စစ်ရေးအရ၊ နိုင်ငံရေးအရ ကျနော်တို့ အကျိုးမြတ်လို့ပဲပြောပြော၊ လူထုအကျိုးအတွက်ပဲပြောပြော ကောင်းကောင်းမွန်မွန် သွားလာနိုင်သလို ပညာရေး၊ကျန်းမာရေးအရ ခံစားရရှိနိုင်မှာလည်းဖြစ်တယ်” ဟု ၎င်းက သုံးသပ်သည်။
ထို့အပြင် စစ်ကောင်စီ၏ ထိုးစစ်များရှိနေသော ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ်ဒေသ ကုန်းသာကျေးရွာတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့်အတူ ဖယ်ခုံ PDF (1006) တပ်ရင်းတို့ ပူးပေါင်း၍ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိပြီး ဖယ်ခုံမြို့နယ်အတွင်း၌ နှစ်ဖက်စစ်ရေး အခြေအနေများ တင်းမာလာနိုင်သည်ဟုလည်း South Shan Tactical Comand-1 PDF မှ အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ဒေသခံများ အနေဖြင့် လုံခြုံရေးအတွက် စစ်ရေးသတိပေးချက်များအား လိုက်နာကြရန်လည်း PDF နည်းဗျူဟာအမှတ် (၁၄) ကမေတ္တာရပ်ခံသတိပေးထားသည်။
စစ်ရေးတင်းမာနေသည့် ကာလအတွင်း ဖယ်ခုံမြို့နယ် ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
