စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကျေးရွာများအတွင်းသို့ဝင် ရောက်ကာ စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူတို့ ပိုင်ဆိုင်သည့် ပစ္စည်းများကို စက်လှေများဖြင့် ခိုးယူသယ်ထုတ် နေကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ၃ရက်တွင် နဂါးပေါက်ကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံပြည်သူတို့၏ ပစ္စည်းများ သယ်ယူသွားသည့်အပြင် လက်နက်ကြီးပစ်ခတ်ခံရသောကြောင့် သေဆုံးသွားသည့် နွားကိုလည်း ချက်ပြုတ်စားသောက် ခဲ့သည်ဟု ကိုနွေဦးမြောင်က သံလွင်ခက်ကိုပြောသည်။
“လက်နက်ကြီးနဲ့ပစ်လို့ သေသွားတဲ့နွားတစ် ကောင်ကိုလည်းသူတို့တွေ စားသောက်ကြတယ်။ ဆီမီးခုံဘက်ကနေလာတဲ့စက်လှေတွေနဲ့ ပစ္စည်းတွေသယ်ပြီး အဲ့ဘက်ကိုပြန်သွားကြတာဘဲ” ဟုပြောသည်။
အဆိုပါစစ်ကြောင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြင်းခြံမြို့နယ်မှ ပျူသင်တန်းဆင်းလာသူများကို မြောင်မြို့နယ်တွင် လက်တွေ့ဆင်းရန် လွှတ်ထားသည့် အဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ၎င်းကဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ လေးရွာမှဒေသခံပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် အခြေခံစားနပ်ရိက္ခာများလိုအပ်နေသည်ဟု ကိုနွေဦးမြောင်က ပြောသည်။
“နဂါးပေါက်ရွာအပါအ၀င် ကျေးရွာလေးရွာကဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ ညောင်ကိုင်းယားရွာထဲကိုလည်း လက်နက်ကြီးတွေ ဒုံးတွေနဲ့ လာပစ်တော့ ပြည်သူတွေလည်းပြန်မ၀င်ရဲကြသေးဘူး။ စစ်ရှောင်ပြည်သူတွေကလည်းများတော့ ရိက္ခာတွေလည်းမလုံလောက်ဘူး” ဟုပြောသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာတွင်းတပ်စွဲနေထိုင်ပြီး ညဘက်လည်း ကျေးရွာဘေးပတ်ဝန်းကျင်သို့လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးများကြဲချခြင်းတို့ကြောင့် မြောင်မြို့နယ်အတွင်း၌ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။