ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် နံနက်ပိုင်း၌ အမျိုးသား သုံးဦးအား ပစ်သတ်ပြီး အလောင်းအား စွန့်ပစ်သွားခဲ့သည်ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ဒီသုံးယောက်ကို မနက်က အစောပိုင်း ၆ နာရီလောက်ကို စွန့်ပစ်သွားတယ်။ လမ်းဒေါင့်ဘေးမှာ စွန့်ပစ်ထားခဲ့တာ။ ဘယ်က ပစ်တယ်ဆိုတာတော့ ခန့်မှန်းရခက်တယ်။ ဒါပေမယ့် စစ်ကောင်စီ မနေ့ညက အောက်ကို ဆင်းတယ်။ ပစ်ခတ်မှုတွေလည်း ရှိတယ် “ ဟု ၎င်းက ဆိုသည်။
သေဆုံးသူ အမျိုးသား သုံးဦးသည် အသက် ၃၀ ကျော်အရွယ်များဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအား သံလွင်ခက်မှ စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် မှော်စီစာကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားခြင်းကြောင့် ဒေသခံအချို့မှာလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ဖားကန့်တွင် စစ်ပွဲပြင်းထန်နေခြင်းကြောင့် အရပ်သားပြည်သူများအနေဖြင့် အရေးကြီးကိစ္စမရှိဘဲ ည ၉ နာရီမှ မနက် ၄ နာရီအတွင်း အိမ်ပြင်သို့ မထွက်ရန်နှင့် စစ်ကောင်စီ စစ်ကြောင်း၏ အန္တရာယ်များအား သတိပြုရန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ဒေသကာကွယ်ရေးအဖွဲ့ KPDF တို့က သတိပေးထားသည်။
ထို့အပြင် ဖားကန့်ဒေသအတွင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ယမ်းဂိုဒေါင်များ မီးလောင်ကျွမ်းကာ ဒေသခံနေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီတပ်သည် မေလ ၂၇ ရက်နေ့မှစတင်ကာ ဖားကန့်မြို့နယ်သို့ စစ်ကြောင်းထိုး စစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ဇွန်လ ၁၂ ရက်အထိ ဒေသခံ ၂၀ နီးပါးခန့် သေဆုံးခဲ့သည်။
ပုံစာ – မှော်စီစာတွင် ယနေ့နံနက် ပစ်သတ်ခံထားရသည့် ပြည်သူသုံးဦး၏ အလောင်းများဖြစ်သည်။