တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၏ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်က ပြုလုပ်ခဲ့သည်။
ထိုသင်တန်းတွင် အမျိုးသား ၆၅၇ ဦးနှင့် အမျိုးသမီး ၁၆၅ ဦးအပါအဝင် စုစုပေါင်း ၈၂၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။
အပတ်စဥ် ၆၇ စစ်ရေးသင်တန်းကာလမှာ သုံးလကျော်ကြာပြီး အမှတ်စဥ် (က) နှင့် (ခ) ခွဲကာ ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။ သင်တန်းကာလအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့် ရှိစေရန် အဓိကသင်ကြားပေးခဲ့သည်ဟု ဆိုသည်။
TNLA ၏ စစ်ရေးသင်တန်းအတွင်း သေနတ်ပစ်ထူးချွန်ဆု၊ သေနတ်တပ်ဆင်ဖြုတ် ထူးချွန်ဆုနှင့် အထူးတိုက်ခိုက်ရေး ထူးချွန်ဆု ရရှိသည့်သူများကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့သေးသည်။ ၎င်းတို့အနေဖြင့် တအာင်းပြည်ရှိ မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဟုလည်း သိရသည်။
သင်တန်းဆင်းပွဲကို ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်၊ ဗိုလ်မှူးချုပ် တားနောရိူန်း၊ ဒုဗိုလ်မှူးကြီး တားအတီ၊ ဗိုလ်မှူး ယာထွေး၊ ဗိုလ်မှူး တားအခယ်နှင့် သင်တန်းသားများ၊ ရပ်မိရပ်ဖများအပါအဝင် စုစုပေါင်းလူဦးရေ ၉၀၀ ကျော်တတ်ရောက်ခဲ့ကြသည်။ တအာင်းတပ်မတော် TNLA၏ အပတ်စဥ် (၆၆) စစ်ရေးသင်တန်းဆင်းပွဲကိုတော့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေး





