၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နလန်ပြန်မထူနိုင်သေးတဲ့ မြန်မာ့စီးပွားရေးဟာ မတ်လနှောင်းပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိုပြီး ဆိုးရွားလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့စီးပွားရေးဟာ ငလျင်ကြောင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ၂ ဒဿမ ၅ ရာခိုင်နှုန်း ကျုံ့ဝင်သွားနိုင်ဖွယ် ရှိတယ်လို့ ဇွန်လ ၁၂ ရက်၊ ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဖော်ပြထားတာပါ။
ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ပိုင်ဆိုင်မှုနဲ့ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ရိုက် ပျက်စီးမှုက ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ဒါမှမဟုတ် နိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး – GDP ရဲ့ ၁၄ ရာခိုင်နှုန်းရှိပြီး စီးပွားရေးထုတ်ကုန်ကလည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် လျော့ကျသွားခဲ့ပါတယ်။
ငလျင်ကြောင့် လူပေါင်း ၁၇ သန်း ထိခိုက်ခဲ့ရပြီး ၉ သန်းဝန်းကျင်ကတော့ အပြင်းထန်ဆုံး ထိခိုက်ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ ငလျင်ကြောင့် လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ သိသိသာသာ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် နလန် ပြန်မထူနိုင်သေးတဲ့ စီးပွားရေးက အခြေအနေ ပိုဆိုးလာကာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်ကို ပိုပြီး စမ်းသပ်နေတာဖြစ်တယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဌာနခွဲ ဒါရိုက်တာ မယ်လင်ဒါ ဂွတ် – Melinda က အစီရင်ခံစာမှာ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်အပြင် ရေကြီးရေလျှံမှုတွေလည်းဖြစ်ပေါ်ခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးက ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ တစ်ရာခိုင်နှုန်းကျုံ့ဝင်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းက ၂ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ပြည်သူတွေကို ဆင်းရဲတွင်းထဲ ပိုပြီး တွန်းပို့နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ငလျင်မလှုပ်ခင် ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၀၂၄ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။