သူရဇော်
မန္တလေးတိုင်း၊ အမရပူရရှိ လူနေအိမ်ရပ်ကွက်များအတွင်း ဇွန် ၁၀ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာသည့်အပြင် မိုးရေချိန်မြင့်မားမှုကြောင့် နာရီပိုင်းအတွင်း၌ ရေများ သိသိသာသာမြင့်တက်လာသည်ဟု ဒေသခံအချို့မှ ပြောသည်။
“မိုးရော၊ မြစ်ရေရောဆိုတော့ ရေက တော်တော်လေး အတက်မြန်တယ်ဗျ။ လောလောဆယ် ရပ်ကွက်ထဲမှာဆို ရင်ခေါင်းလောက်ရောက်တဲ့ နေရာက ရောက်ကုန်ပြီဗျ။ ဒါမိုးရေပဲ ရှိသေးတာ။ မြစ်ရေ မပါသေးဘူး။ အချိန်ပိုင်းအတွင်းကို ရေက ထိုးတက်နေတာ။ ရေထွက်ပေါက် မရှိလို့ မိုးရေကြီးတာပေါ့” ဟု အမရပူရမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အမရပူရမြို့ရှိ ရေထိန်းတာဘောင်များသည် ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးဒဏ်ကြောင့် ပျက်စီးသွားခဲ့ပြီး ရေထွက်ပေါက်မရှိခြင်းကြောင့် နေအိမ်များအတွင်းသို့ ရေများ ဝင်လာသည်ကို ကြုံတွေ့ နေရသည်ဟု ၎င်းအမျိုးသားကဆက်ပြောသည်။ “တာဘောင်တွေကို အချိန်မှီပြုပြင်နိုင်ဖို့က ခဲယဉ်းသွားပြီ။
ခဲယဉ်းသွားတဲ့အတွက် လက်တလော အမရပူရမြို့ လူနေရပ်ကွက်တော်တော်များများကတော့ အနည်းဆုံး နှစ်ထပ်အိမ်တွေမြုပ်နိုင်တဲ့ အနေအထားအထိကို ရှိနိုင်တယ်။ ဒီပုံစံအတိုင်း တာဘောင်တွေကို မပြင်နိုင်ဘူးဆိုရင်ပေါ့” ဟု ၎င်းက လက်ရှိရေကြီးမှုအခြေနေကို သုံးသပ်ပြောသည်။
ဇွန်လ ၁၀ ရက် မနက်ပိုင်းတွင် အမရပူမြို့ရှိ ရပ်ကွက်အချို့တွင် ရေများပြန်ကျသွားသော်လည်း ရပ်ကွက်အချို့တွင် မြစ်ရေဝင်ရောက်မှုကြောင့် ရေပြန်ကျသွားခြင်းမရှိသေးဟု မြို့ခံများမှ ပြောသည်။ ယခင်နှစ်များတွင် တာဘောင်များမှ ရေထိန်းထားသောကြောင့် ရပ်ကွက်နေအိမ်များအတွင်းသို့ ရေအနည်းငယ်ဝင်ရောက်လာသည်ကို ကြုံတွေ့ခဲ့ရသော်လည်း ယခုနှစ်တွင် ရေကြီးမှုဒဏ်ကို ကြီးကြီးမားခံရနိုင်သည်ဟု ဒေသခံများမှတွက်ဆထားပြီး စိုးရိမ်လျက်ရှိသည်။
သို့သော် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာလျှင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အမရပူမြို့ရှိ တာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသေးဟု ဒေသခံများမှ ဆိုသည်။ လက်ရှိအချိန်တွင် ဧရာဝတီမြစ်ကူးတံတား အရှေ့ဘက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော ရွှေလွန်းနှင့် ရွေကြက်ရပ်ကွက်များ၌ မိုးရေချိန်များ၍ ရေမြင့်တက်လာသည့်အပြင် မြစ်ရေတက်လာခြင်းကြောင့် ရေကြီးမှုဒဏ်ကို စတင်ကြုံတွေနေရသည်ဟု ဒေသခံများထံမှ သိရသည်။
မြစ်ရေ ပိုမို မြင့်တက်လာခဲ့လျှင် အမရပူရ မြို့တစ်မြို့လုံး ရေကြီးမှုနှင့် ကြုံတွေ့နိုင်သော်လည်း ဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်ရန်လည်း အခက်အခဲရှိသည်ဟု ဒေသခံများမှ ဆိုသည်။
မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ရေသည် ဇွန်လ ၁၁ ရက် ညနေ ၆ နာရီခွဲအချိန်တွင် စိုးရိမ်အမှတ်သို့ ရောက်ရှိရန် ၄ ပေခန့်အလိုထိ မြင့်တက်ခဲ့ပြီး ယနေ့ ဇွန် ၁၂ ရက်တွင် ၂ လက်မခန့် ပြန်လည်ကျဆင်းခဲ့သည်ဟု Mandalay City Development Committee – MCDC က ယနေ့ ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်ရှိ ချီဖွေ၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။
စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ တနင်္သာရီ စသောတိုင်းဒေသကြီးများတွင် မိုးများနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ-Mandalay City Development Committee – MCDC