ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား စစ်ကောင်စီမှ ယနေ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး ကြဲချခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်မှ တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မန်လီကျေးရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ မန်လီကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားမှာ တစ်လုံးကျတယ်။ နောက်တစ်လုံးက ဘုန်းကြီးကျောင်းနဲ့ သိမ်ကျောင်းကြားမှာ ကျတာ။ လူထိခိုက်မှုတော့ မသိရသေးဘူး။ ကျမတို့လည်း ညတွင်းချင်းကို ပန်သပြေရွာဘက်ကို ထွက်ပြေးလာကြတာ” ဟု ၎င်းက ပြောသည်။
ဂျက်ဖိုက်တာမှ ပစ်ခတ်ပြီးနောက်တွင်လည်း ၎င်းရွာအနီးတဝိုက်တွင် ဆက်လက်ပျံသန်းနေသောကြောင့် မန်လီကျေးရွာဒေသခံများသည် လေယာဉ်မှ ထပ်ပစ်ခတ်မည်ကို စိုးရိမ်၍ အနီးရှိ တောင်ယာဘက်နှင့် ပန်သပြေကျေးရွာဘက်သို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ပန်လုံကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့ကအိပ်နေတာ ဗုန်းဆိုပြီး ပေါက်ကွဲသံကြားမှ လန့်နိုးလာတာ။ ကျွန်မတို့ရွာဘက်ကနေကို တုန်ခါသွားတာ။ အခုထိ ဝဲနေတုန်းပဲ” ဟု သံလွင်ခက်ကို ပြောသည်။
အဆိုပါ ပန်လုံကျေးရွာသည် ဗုံးကြဲခံရသည့် မန်လီရွာနှင့် ဆိုင်ကယ်ခရီး ၁၅ မိနစ်ခန့် ကွာဝေးသည့် နေရာတွင် တည်ရှ်ိသည်။
ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်တွင်လည်း မန်လီကျေးရွာအား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ပစ်ခတ်၍ ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး TNEC ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့ရသည်။
ဓာတ်ပုံ – စစ်ကောင်စီ မန်လီကျေးရွာအား ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တွေ့မြင်ရပုံ (ပုံဟောင်း)
