မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်က ထွက်ပြေးပြီး ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် – AA နဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကိုယ်စားလှယ် ဂျိုနသန် ရှာရီရာက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပြောခဲ့တာပါ။ အဲဒီ တွေဆုံဆွေးနွေးပွဲမှာ ဂျိုနသန် ရှာရီရာက ‘အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ တညီတညွတ်တည်း ရပ်တည်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ အဓမ္မအကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအပေါ် စိုးရိမ်ပူပန်မိကြောင်းနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုတွေအပေါ် တန်ဖိုးထားဖို့ မြန်မာစစ်တပ်၊ အာရက္ခတပ်တော်နဲ့ သက်ဆိုင်သူအားလုံးကို တောင်းဆိုကြောင်း ပြောဆိုခဲ့ပါသေးတယ်။
ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ တာဝန်ယူမှု တာဝန်ခံမှုတွေကနေ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သလို ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီး ကျူးလွန်နေဆဲဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သားတွေအပါအဝင် စာသင်ကျောင်းနဲ့ ဘုရားဝတ်ပြုရာ ကျောင်းဆောင်တွေကို လေကြောင်းတိုက်ခိုက်တာ၊ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး တိုက်ပွဲတွေမှာ ပါဝင် တိုက်ခိုက်ခိုင်းနေတာက လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ ဂျိုနသန်က ပြောခဲ့ပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အတွင်း အင်တာနက်နဲ့ ဆက်သွယ်ရေးဖြ တ်တောက်တာကို ဆက်လက် လုပ်ဆောင်နေပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ဆို့ထားတဲ့အတွက် အရေးပေါ် အကူအညီတွေ ပေးဖို့ အခက်အခဲကြုံနေကြရပါတယ်။
ဒါကြောင့်လည်း ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ဖို့ ရခိုင်ပြည်နယ်အပါအဝင် ထိစပ်နေတဲ့ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော် – AA ရဲ့ ပူးပေါင်းပါဝင်မှုက မရှိမဖြစ် လိုအပ်တယ်လို့ ဂျိုနသန်က ပြောဆိုခဲ့ပါတယ်။
Ref: usun.usmission.gov