တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသား ၁၂ ဦးအား TNLA ၏ ရဲတပ်ဖွဲ့မှ တရုတ်ပြည်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
၎င်းတို့အား ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။ ထိုသို့ လွဲပြောင်းပေးခံရသည့် အမျိုးသားများထဲမှ ၉ ဦးမှာ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ကျန် ၃ ဦးအား နမ္မတူမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်သည့် လုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင်နေစဉ် သတင်းရရှိသွားသောကြောင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ တရုတ်ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်သူများသည် တရုတ်နိုင်ငံသားများဖြစ်သည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီတစ်လျှောက်က နယ်မြေများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်၍ နှစ်နိုင်ငံအစိုးရနှင့်အတူ အဆိုပါ နယ်မြေများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ပူးပေါင်းနှိမ်နင်းခဲ့ကြသည်။
ထိုသို့ နှိမ်နင်းလိုက်ခြင်းကြောင့် ကျားဖြန့်လုပ်ငန်းများသည့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြန်လည်ရွှေ့ပြောင်းအခြေချလာခြင်းဖြစ်သည်။
လက်ရှိအချိန် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား နှစ်နိုင်ငံအစိုးရနှင့်အတူ အဆိုပါ နယ်မြေများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှိမ်နင်းလျက်ရှိပြီး အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၈၇၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီး ဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဓါတ်ပုံ- TNLA သတင်းနှင့်ပြန်ကြားရေးဌာန