မြန်မာနိုင်ငံမှာ ကိုဗစ် – ၁၉ ရောဂါပိုးတွေ့ရှိသူအရေအတွက် တဖြည်းဖြည်းမြင့်တက်လာနေပြီးတစ်ပတ် အတွင်း ပိုးတွေ့လူနာ ၃၁ ဦးအထိရှိလာတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁ ရက်ကနေ ၈ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်သံသယရှိသူ ၂,၁၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာ ၃၁ ဦးရှိခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ မရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်ကနေ ဇွန်လ ၁ ရက်အထိ တစ်ပတ်ကျော် အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၇ ဦးရှိခဲ့ပြီး ပိုးတွေ့ရှိ သူအားလုံးက ရန်ကုန်တိုင်းဒေသကြီးအတွင်းကပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် တဖြည်းဖြည်းမြင့်တက်လာနေပေမယ့်စစ်ကောင်စီက ကာကွယ်ဆေးထိုးဖို့အပါအဝင် ကိုဗစ်နဲ့ ပတ်သက်ပြီး လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသေးတာတွေ့ရပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အခြေခံအချက်ဖြစ်တဲ့နှာခေါင်းစည်း တပ်ဆင်တာမျိုးမရှိဘဲ လူအများနဲ့ လူစုလူဝေးပွဲတွေပြုလုပ်နေတုန်းပဲ ဆိုတာကိုစစ်ကောင်စီထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေမှာ တွေ့မြင်နေရပါတယ်။
လက်ရှိ ပိုးတွေ့ ရာခိုင်နှုန်းက ၁ ဒဿမ ၄၄ ရာခိုင်နှုန်းရှိနေပြီး ရောဂါကူးစက်ခြင်းက ကာကွယ်ဖို့လူစုလူဝေးရှိရာကို မသွားဘဲ ရှောင်ကျဉ်တာ၊ နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေး တာ၊ လေကောင်းလေသန့်ရအောင်နေထိုင်တာနဲ့ လူတစ်ဦးနဲ့တစ်ဦး ၆ပေအကွာ နေထိုင်တာ စတာတွေကို လိုက်နာဖို့လိုအပ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းအတွင်း စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့် လူအသေအပျောက်များခဲ့ရပါတယ်။


