ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၃၆၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟု ကျားဖြန့်နှိမ်နင်းရေးလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ပြောသည်။
နယ်စပ်တစ်လျှောက်မှ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဇန်နဝါရီ ၃၀ ရက်မှ စတင်နှိမ်နင်းခဲ့ပြီး ဇွန်လ ၉ ရက်အထိ အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၉၁၀၀ ကျော်အား ထိန်းသိမ်းထားနိုင်ခဲ့သည်။
ထို့သို့ ထိန်းသိမ်းထားသူများထဲမှ ၈၇၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ နှစ်နိုင်ငံအစိုးရနှင့် အဆိုနယ်မြေများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ပို့ဆောင်ပြီး ဖြစ်သည်ဟု ဆိုသည်။
ယနေ့ (ဇွန် ၁၀ ) တွင်လည်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ကိုးရီးယားနိုင်ငံသား ၃ ဦးအား ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သတင်းရရှိသည်။
ထိုသို့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စတင်၍ ထိုင်းနှင့် မြန်မာအစိုးရတို့ အပါအဝင် အဆိုပါ ဒေသအား ထိန်းချုပ်ထားသည့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ နှိမ်နင်းခဲ့ကြသည်။