ပြည်သူလူထုကိုယ်စားလှယ်များပါဝင်သော တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ၂၀၂၅ ခုနှစ်အတွင်းတွင် ဖွဲ့စည်းသွားမည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်မတီ(TPPC) က ဇွန် ၉ ရက်မှာ ထုတ်ပြန်လိုက်သည်။
တအာင်းအမျိုးသားပါတီ(TNP)၊ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) နှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော TPCC အစုဖွဲ့ သုံးဖွဲ့၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိပြုလုပ်ခဲ့သည်။
ယင်းထိပ်သီးအစည်းအဝေးမှတဆင့် တအာင်းပြည်ကောင်စီ(Ta’ang Land Council-TLC) ကိုဖွဲ့စည်းခဲ့ပြီး TLC သည် တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်း အဆိုပါအစုဖွဲ့ သုံးဖွဲ့မှ ဆုံးဖြတ်ခဲ့သည်ဟု TPCC ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း၌ သိမ်းပိုက်ရရှိသော နယ်မြေများအားအခြေခံ၍ တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုဖွဲ့ သုံးဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုမှ ကိုယ်စားလှယ်များဖြင့် ၂၀၂၅ ခုနှစ် အတွင်းတွင် ဆက်လက်ဖွဲ့စည်းသွားမည်ဟု TPCC ထုတ်ပြန်ထားသည်။
“ဘယ်လိုပုံစံနဲ့ စုဖွဲ့ ရွေးချယ်စေလွှတ် ကြမလဲဆိုတာကတော့ ဆက်လက် ဆွေးနွေး ပြင်ဆင်ဆောင်ရွက်သွားရမယ့်အရာဖြစ်ပါတယ်။ ရည်ရွက်ချက်ကတော့- TPCC ကနေ TLC ကိုပြောင်းလဲဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်အာဏာက်ုတိုးမြင့်လလုပ်ဆောင်နိုင်ဖို့နဲ့ အုပ်ချုပ်ရေးအစိုးရ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနဲ့ အစိုးရကိုထိန်းကြောင်းကြပ်မတ် ဦးဆောင်ဖို့ပါပဲ” ဟု TLC မှ ဒုဥက္ကဌ(၁) လွေးမိုးခမ်း က သံလွင်ခက်ကိုပြောသည်။
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းတာဝန်ယူခဲ့သော TPCC သည် တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်အား ထိန်းကျောင်း ဦးဆောင်နိုင်ရန်အတွက် TLC ကို ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။
ယင်းအပြင် မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည် ထောင်စုနိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်းဆိုသည်။
လက်ရှိတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားသော နယ်မြေများတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို TNLA လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးလျက်ရှိသည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လွေယေဦးမှ ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားထားသည်။
TNLA သည် ၁၀၂၇ ၏ ပထမနှင့် ဒုတိယ စစ်ဆင်ရေးအတွင်း၌ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့ နှင့် မန်တုံ စသည့် မြို့နယ် ၁၂ ခုကို သိမ်းပိုက်ခဲ့သည်။