ခင်သရဖီဦး
စစ်ကောင်စီ၏ ရေတပ်ဌာနချုပ်တစ်ခုဖြစ်သည့် ကျောက်ဖြူမြိုနယ်၊ သစ်ပုတ်တောင် အခြေစိုက် ဓညဝတီ ရေတပ်ဌာနချုပ်အား အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် စစ်ကောင်စီတပ်မှာ မကြာခဏ တပ်ဖွဲ့ဝင်များ သေဆုံးပြီး အင်အားဖြည့်တင်မှုများအား ပြုလုပ်နေခြင်း ဖြစ်သည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် အသက် ၂၇ နှစ်အရွယ် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီအနေဖြင့် ကျောက်ဖြူမြို့သို့ အဓိအားဖြင့် ရန်ကုန်မှ တစ်ဆင့် မာန်အောင်သို့ ပို့ဆောင်ပြီး ယင်းမှ တစ်ဆင့် ကျောက်ဖြူသို့ စစ်သဘော်များဖြင့် နှစ်ပတ်လျှင် တစ်ကြိမ်ခန့်စီ စစ်ကောင်စီ တပ်သား ရာနှင့်ချီ ပို့ဆောင်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
” ကိုယ့်ဖက် (AA)ကတော့ ပြင်းပြင်းထန်ထန်ကြီး တိုက်နေတာမျိုးမဟုတ်ဘဲနဲ့ ပါးပါးလေးတော့ နေ့တိုင်းဆိုသလို လုပ်သင့်သလောက်တော့ လုပ်နေတာပါပဲ။ သူတို့ဖက်ကတော့ အင်အားတွေ မကြာခဏ ရေကြောင်းကနေ ဖြည့်နေတာတော့ တွေ့ရတယ်။” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် မာန်အောင် ပင်လယ်ပြင်ကို ဖြတ်ပြီး ကျောက်ဖြူပင်လယ်ပြင်သို့ နေဗီဖြင့်လည်းကောင်း၊လေကြောင်းမှလည်းကောင်း လူအင်အား လက်နက်အင်အားများကို မကြာခဏ ဖြည့်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့အပြင် လက်နက်ခဲယမ်းများကိုလည်း လေကြောင်းဖြင့်သာ အဓိကထား ပို့ပေးနေသည်ဟုလည်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ ကျောက်ဖြူမြို့နယ်များတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွာမှုများရှိနေပြီး စစ်ကောင်စီဖက်က လက်နက်ချ အလင်းဝင်သူများလည်း ရှိနေပြီး တစ်ဖက်တွင် လည်း ကျောက်ဖြူတိုက်ပွဲအတွင်းတွင် တရုတ်ဖက်မှ နေပြီး စစ်ကောင်စီအား နည်းပညာ အကူအညီ ပေးမှုများရှိနေကြောင်းလည်း သိရသည်။
” သတင်းထွက်နေသလိုမျိုး တရုတ် ကြေးစားစစ်သားတွေက ပါဝင်ပြီးတော့ တိုက်ပေးနေတာတော့ မရှိဘူး။ ဒါပေမဲ့ နည်းပညာပိုင်းတွေမှာ အကူအညီပေးနေတာတွေရှိတယ်လို့ ကျွန်တော်တို့သိရတယ်။” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက ယာယီအပစ်အခတ် ရပ်စဲရေးကာလအား ဇွန်လ ၁ရက်နေ့ ၃၀ ရက်နေ့ထိ သက်တမ်းတိုးထားပြီး အာရက္ခတပ်တော်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့မှာ ဇွန်လ ၂ရက်နေ့မှ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားကြသည်။
သို့သော်လည်း မြေပြင်တွင် တိုက်ပွဲများ ရှိနေသကဲ့သို့ စစ်ကောင်စီဖက်မှလည်းလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေများသို့ ရမ်းသမ်းပစ်ခတ်မှုများရှိနေသည်။