အမီးလေး
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်အတွင်းရှိ ယမ်းဂိုဒေါင်များအား စစ်ကောင်စီတပ်အနေဖြင့် မီးရှို့ ဖျက် ဆီးနေခြင်းကြောင့် ဖောက်ခွဲရေး ယမ်းများအား လူနေအိမ်အနီးတွင် ထားရှိမည်ကို စိုးရိမ်နေရ သည်ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။
“ယမ်းရှိမယ့် နေရာကို ဒရုန်းနဲ့ တိတိကျကျကို ခွဲတာ၊ဒါနဲ့ ဆို တပတ်အတွင်းကို သုံးကြိမ်လောက်ရှိသွားပြီး ယမ်းထားတဲ့ နေရာကဆက်တိုက်ခွဲဖို့ကမဖြစ်နိုင်ဘူး။တိုက်ခိုက်မှုရှိလို့ပေါ့နော်၊ယမ်းတွေထားတဲ့ပစ်မှတ်ကိုပဲ ထားပြီးချိန်လုပ်နေတာပေါ့ ၊ယမ်းတွေကို ရပ်ရွာထဲ မထားဖို့ တောင်းဆိုတာမျိုးရှိတယ်။” ဟုဆိုသည်။
ဖားကန့်မြို့နယ်အတွင်းက ယမ်းဂိုဒေါင်များအား စစ်ကောင်စီမှ ဒရုန်းဖြင့် တိုက်ခိုက်လျှက်ရှိပြီး ထပ်မံ၍ တိုက်ခိုက်မည်ကို ဒေသခံများ စိုးရိမ်လျှက်ရှိသည်။
ဖားကန့်ဒေသတွင် ဖောက်ခွဲရေးယမ်းများအား ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၊ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကချင်ဒေသပြည်သူကာကွယ်ရေးတပ် KPDF တို့လည်း အသုံးပြုကြပြီး စစ်ကောင်စီဖောက်ခွဲခဲ့သည့် ယမ်းဂိုဒေါင်နှင့် ယမ်းတင်ထားသည့် ကားများ၏ ပိုင်ရှင်အား မသိရသေးဟု ၎င်းကဆက်ပြောသည်။
ဖားကန့်မြို့အနီးက ကျေးရွာများအား KIA/ KPDF တို့က ၂၀၂၄ ခုနှစ်တွင် စတင်သိမ်းပိုက်ထားနိုင်ခဲ့ပြီး မေလ ၂၇ ရက်နေ့မှ စ၍ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဝင်ရောက်ကာ ထိုးစစ်ဆင်လာခဲ့သည်။
စစ်ကောင်စီ၏ တကျော့ပြန် ထိုးစစ်ဆင်လာမှုကြောင့် ဖားကန့်မြို့နယ်ရှိ ဒေသခံအချို့မှာ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်ရှောင်နေကြသည်ဟု လုံးခင်းကျေးရွာမှ ဈေးသည် တစ်ဦးကပြောသည်။
“ဈေးရောင်းဈေးဝယ်တွေဆိုရင်လည်း နေ့စဉ်နဲ့အမျှ စည်စည်ကားကားနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ မလုပ်ရဲဘူး၊ကိုယ်အိမ်ကိုယ်တောင် မလုံခြုံဘူးဖြစ်နေတာ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးဖြစ်နေတာ ကျီးလန့်စာစားဖြစ်နေတာ အထိတ်တလန့်ဖြစ်နေတာ ၊လုံခြုံမှုမရှိဘူးလို့ ခံစားရတာပေါ့ သွားရေးလာရေးတွေ ဘာမှမရှိတော့ဘူး” ဟုဆိုသည်။
ဖားကန့်ဒေသအတွင်း စစ်ကောင်စီ ထိုးစစ်ဆင်လာသည့် တစ်ပတ်အတွင်း လက်နက်ကြီးပစ်ခတ်ခြင်းနှင့် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့သည် ဒေသတွင်း ပရဟိတသမားများထံမှ သိရသည်။
ပုံစာ- ခွန်ဆာကုန်း ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နေရာများအား တွေ့ရစဉ်
