တာဝေးပစ်ကျည်များ ပြုလုပ်ရာတွင် သတ္ထုအရည်ကျို မိုလောင်းစနစ်ဖြင့် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်လာသောကြောင့် ယခင်ကထက် အန္တရာယ်ပိုကင်းစွာ ပစ်ခတ်လာနိုင်ပြီဟု SHADOW အဖွဲ့ထံမှ သိရသည်။
ယခင်က စိန်ပြောင်းကျည်များနှင့် မီတာ၅၀၀၀ တာဝေးပစ်အမြှောက်ကျည်များကို သံပိုက်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သတ္ထုအရည် ကျိုမိုလောင်းစနစ်ဖြင့်အဆင့်မြှင့်တင်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အရည်ကျိုပြီး မိုလောင်းရသည့်အတွက် အချိန်ပိုကြာကြောင်း၊ ကုန်ကြမ်းစရိတ်ပိုကြီးလာပြီး ဘတ်ဂျက်ပမာဏပိုမိုလိုအပ်ကြောင်း SHADOW အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အစောက သံလွင်ခက်ကိုပြောသည်။
“ကုန်ကျစရိတ်လည်းများ အချိန်လည်းပိုကြာပေမယ့် ပစ်ခတ်အသုံးပြုမယ့်ရဲဘော်တွေအတွက် ပိုအန္တရာ ယ်ကင်းတာပေါ့“ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့်နှစ်အတွင်း လက်နက်ပစ်ခတ်စမ်းသပ်ရင်း ရဲဘော်တစ်ယောက်ကျဆုံးခဲ့ပြီး အခြားရဲဘော် တစ်ယောက်မှာ လက်ချောင်းများပြတ်ခဲ့ရကြောင်း သိရသည်။
ယခု သတ္ထုမိုလောင်းကျည်များနှင့် တွဲဖက်ပစ်ခတ်ရန် SG2 တာဝေးပစ်စိန်ပြောင်းကို မကြာမီကာလအတွင်းစမ်းသပ်အောင်မြင်တော့မည်ဖြစ်ကြောင်း၊ လက်တွေ့တိုက်ပွဲအတွက် ကျည်အလုံအလောက်ထုတ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရဲဘော်အစောကပြောသည်။
“ကျည်လုံလောက်ဖို့အတွက် ငွေတော်တော်လိုအပ်နေတယ်၊ ဆယ်လီမဟုတ်တဲ့အညာသားတွေကို ပြည်သူတွေကများများထောက်ပံ့ပေးကြပါ“ဟု ၎င်းက တိုက်တွန်းပြောဆိုထားသည်။
Shadow အဖွဲ့သည် လက်နက်ကြီးများကို ကိုယ်တိုင်စမ်းသပ်ထုတ်လုပ်ပြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်အတွင်းမဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။