စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲရှိ ကျေးရွာအုပ်စု နှစ်ခုမှ ဒေသခံ ၆၀၀၀ ကျော်ကို နေအိမ်များမှ ထွက်ခွာရန် သတိပေးစာပေးပို့ထားသည်ဟု ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNLA က ထုတ်ပြန်ထားသည်။
ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာနှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော် ၆ ရွာ၊ ကလားလမ်ရွာတို့အား ဇွန်လ ၁၅ ရက်တွင် နောက်ဆုံးထား၍ နေအိမ်များမှ ထွက်ခွာပေးရန် ဇွန်လ ၇ ရက်က သတိပေးစာ ပေးပို့ထားသည်ဟု သိရသည်။
၎င်းကျေးရွာများမှ ဒေသခံပြည်သူများအား စစ်ရှောင်စခန်းနှင့် တောင်ယာတဲများသို့ သွားရောက် နေထိုင်ရန် ခွင့်မပြုဘဲ ဆီဆိုင်မြို့ပေါ်နှင့် ဘုရားဖြူကျေးရွာဘက်သို့သာလျှင် တိမ်းရှောင်ရန်သာ ခွင့်ပြုသည်ဟု PNO ၏ သတိပေးစာတွင် ဖော်ပြထားသည်ဟု သိရသည်။
ထို့သို ရွှေ့ပြောင်းပေးရန် အတင်းအဓမ္မ စေခိုင်းခံရသည့် ကျေးရွာများထဲမှ အချို့သည် တော်လှန်ရေးနယ်မြေအတွင်း၌ရှိပြီး ကျန်ကျေးရွာအချို့မှာ စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေထဲတွင် ရှိသည်။
ထို့အပြင် PNO နှင့် စစ်ကောင်စီတို့သည် ယခုကဲ့သို့ ကျေးရွာအား ရွှေ့ပြောင်းပေးရန် သတိပေးစာ ပို့ပြီးနောက်တွင် ဝင်ရောက်တပ်စွဲခြင်းများရှိနေသည်ဟု PNLA က ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် PNLA ပြောရေးဆိုခွင့်ရှိခွင့်ရှိသူ ခွန်ရိန်းယံကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။