ခင်သရဖီဦး
အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ထားသည့် သံတွဲမြို့နယ်က ကျေးရွာများရှိ နေရာ သုံးခုကို စစ်ကောင်စီက ယမန်နေ့ ည ၁၀ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါ စစ်ဘေးရှောင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
အသက် ၁၂ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ၊ ပုဇွန်ပြေကျေးရွာနှင့် စစ်ဘေးရှောင်များရှိရာ သံတွဲမြို့နယ် ဘောလုံးကွင်းအနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး နေရာမှာပင် သေဆုံးခဲ့ရသည်ဟု အသက် ၃၀ အရွယ် သံတွဲဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။
“မနေ့က ည ၁၀နာရီလောက်မှာ ပထမဆုံး မြို့မှာရှိတဲ့ စစ်သားစုဆောင်ရေးအနီးကို ကြဲတယ်။ နောက် ၁၀ နာရီကျော်လောက်မှာ ကျောက်ကြီးနဲ့ ပုဇွန်ပြေကျေးရွာနှစ်ရွာက စာသင်ကျောင်းကို ချတယ်။ အဲဒီမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်တွေရှိတယ်။အဲဒီက စစ်ဘေးရှောင် လေးဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရတဲ့လူတွေ များနေတာပါ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူများမှာ သံတွဲမြို့နယ် မောင်ရွေးလေးကျေးရွာမှ ကျောက်ကြီးကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၄၃ နှစ် အမျိုးသားတစ်ဦး၊ အသက် ၄၀ ကျော် အမျိုးသမီး နှစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တို့ ဖြစ်သည်။
ဒဏ်ရာရသူများထဲတွင် ကျောက်ကြီး၌ စစ်ဘေးရှောင်နေသည့် စစ်ရှောင် ရှစ်ဦးနှင့် ပုဇွန်ပြေကျေးရွာတွင် စစ်ဘေးရှောင်နေသည့် စစ်ရှောင် နှစ်ဦးတို့ ဖြစ်ကြသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို ဆေးကုသမှု ပြုလုပ်လျက်ရှိသော်လည်း ဒဏ်ရာပြင်းထန်သူများရှိကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။
“အခုက ထိခိုက်တဲ့လူတွေကို နီးစပ်ရာက ဆေးခန်းတွေမှာ ဆေးကုသမှုပေးနေတာတွေရှိတယ်။ ဒါပေမယ့်လည်း ကျောက်ကြီးရွာက စစ်ဘေးရှောင်တွေမှာ အကုန်လုံးနီးပါးက ဒဏ်ရာတွေ ပြင်းတယ်။ စိုးရိမ်ရတာရှိတယ်” ဟု ၎င်းက ဆိုသည်။
သံတွဲမြို့နယ်အား AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီက ယခင်ကလည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့မှာ လတ်တလောတွင် နှစ်ဖက်အပြန်အလှန်အပစ်အခတ်ရပ်စဲထားသော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီကလည်း AA ထိန်းချုပ်နယ်မြေများအား ယခုကဲ့သို့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ပုံစာ – သံတွဲရှိ ဗုံးကြဲခံရသည့် နေရာများအားတွေ့ရစဥ် (ဓာတ်ပုံ – APM)