ဘုန်းမောင်
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာ ၄ နှစ်ကျော်လာခဲ့ပါပြီ။ ၄ နှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်ပွဲအလီလီရရှိခဲ့ပြီး လားရှိုးအောင်ပွဲကလည်း အဲဒီအောင်ပွဲတွေအနက်က တစ်ခုဖြစ်ခဲ့ပါတယ်။ လားရှိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့ပေါင်း ဒါဇင်ဝက်ကျော်က တပ်ဖွဲ့ဝင်ပေါင်းထောင်နဲ့ချီ ပါဝင်တိုက်ခိုက်ပြီး သိမ်းယူခဲ့ရပါတယ်။ လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်မှာတော့ တရုတ်နယ်စပ်ကနေ ၇၅ မိုင်ဝေးတဲ့ စစ်ဌာနချုပ်ကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။
၄ နှစ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ လက်နက်ငယ်နဲ့ လက်ပစ်ဗုံးတွေ၊ ဒရုန်းတွေ အသုံးပြုပြီး စစ်ကောင်စီကို တော်လှန်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ တော်လှန်ရေးတပ်တွေဘက်က အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအောင်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အသက်ပေါင်းများစွာ စတေးပြီးမှ လားရှိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။
သို့သော် လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ပြောင်းလဲမှုတွေက အံ့မခန်းပါပဲ။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ တိတ်တဆိတ်ထွက်ပေးခဲ့ရပြီး စစ်ကောင်စီက သေနတ်တစ်ချက် မဖောက်ဘဲ လားရှိုးမြို့ကို ပြန်ပြီး ရရှိခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ခက်ခက်ခဲခဲရ ယူထားတဲ့ နယ်မြေကို စစ်ကောင်စီလက်ထဲ ပြန်ပေးခဲ့ရပါတယ်။ ဧပြီလနှောင်းပိုင်းမှာတော့ မြန်မာနိုင်ငံအလံ တပ်ဆင်ထားတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော် လားရှိုးမြို့ထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး နယ်မြေပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လားရှိုးကနေ အခုလို ရုတ်ခြည်းဆုတ်ခွာပေးလိုက်ရတာက မြန်မာ့ပြည်တွင်းစစ်မှာ ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်နေပြီး စစ်ကောင်စီဘက်က ရပ်ကာ အကူအညီတွေပေးနေတဲ့ တရုတ်ဖိအားကြောင့် ဖြစ်တယ်လို့ တော်လှန်ရေးခေါင်းဆောင်တွေက ဆိုပါတယ်။
တရုတ်က မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ သူ့အကျိုးစီးပွားတွေကို အကာအကွယ်ပေးနေတယ်လို့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေက မိုင် ၅၀၀ နီးပါးရှိတဲ့ ဘင်္ဂလားပင်လယ်အော်ကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေအပါအဝင် BRI စီမံကိန်းအောက် တည်ဆောက်နေတဲ့ အခြေခံ အဆောက်အဦစီမံကိန်းတွေပဲ ဖြစ်ကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ လားရှိုးမြို့က ထွက်သွားဖို့ တရုတ်က နယ်စပ်ကုန်သွယ်ရေးဖြတ်တောက်တာ၊ လျှပ်စစ်မီးဖြတ်တောက်တာနဲ့ နယ်စပ်အနီးမြို့တွေက အင်တာနက်ဖြတ်တောက်တာအပြင် တရုတ်နိုင်ငံထဲရောက်ရှိလာတဲ့ MNDAA စစ်ဦးစီးချုပ်ကို ဖမ်းဆီးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
“မြန်မာ့ပြည်တွင်းရေးကို တရုတ်က ဝင်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ တရုတ်က ပြောထားပေမယ့် လားရှိုးမြို့မှာ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် တရုတ်က မြန်မာ့ပြည်တွင်းရေးထဲ ပြတ်ပြတ်သားသား ဝင်ရောက်ပြီး အခြေအနတွေကို တိုက်ရိုက်စီမံခန့်ခွဲနေတာ သိသာပါတယ်” လို့ လားရှိုးတိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြောရေးဆိုခွင့်ရှိသူ နီနီကျော်က ပြောပါတယ်။
“တရုတ်ရဲ့ မြန်မာ့အရေးချဉ်းကပ်မှုက ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဖိအားပေးဖို့ သက်သက်ပါပဲ”
လားရှိုးမြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတာက ‘ကြေကွဲစရာ ဖြစ်တယ်’ လို့လည်း သူမက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
ဘေကျင်းက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ လူသိရှင်ကြားကြွေးကြော်ထားပေမယ့် မြန်မာစစ်တပ်ကိုရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ တရုတ်က လက်နက်ထောက်ပံ့ခဲ့တဲ့ သမိုင်းကြောင်းတွေက ရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီနည်းလမ်းက တရုတ်က မြန်မာ့အရေးမှာ ကာလရှည်ကြာ ပါဝင်နေခဲ့တာပါ။
“တရုတ်က နှစ်ဘက်စလုံးကို လက်နက်တပ်ဆင်ပေးနေတယ်ဆိုတဲ့ ကာလရှည်ကြာဖုံးကွယ်ခဲ့သမျှကို အခု ဖြစ်ရပ်က ဖော်ထုတ်ပြလိုက်တာပါ” လို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသမျှကို ကာလရှည်ကြာ စောင့်ကြည့် လေ့လာနေခဲ့တဲ့ အမှီအခိုကင်းတဲ့ သုတေသီ ဒေးဗစ် မက်သီယာဆင်က ပြောပါတယ်။
“တရုတ်က ငြိမ်းချမ်းရေးကို စိတ်မဝင်စားပါဘူး။ သူ့အကျိုးစီးပွားသက်သက်ကိုသာ သူစိတ်ဝင်စားတာပါ။ တရုတ်လုပ်ဆောင်ချက်တွေကို ကြည့်ရင် ဒါက မြင်သာပါတယ်”
MNDAA နဲ့အတူ တစ်ချိန်တည်း ထိုးစစ်တွေ စတင်ခဲ့ပြီး လားရှိုးမြို့အနီးက နယ်မြေတွေ သိမ်းပိုက်ခဲ့တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA သိမ်းပိုက်ထားတဲ့ မြို့ ၅ မြို့ကို ပြန်ပေးဖို့ တရုတ်ရဲ့ သီးခြား တောင်းဆိုမှုတွေကိုတော့ TNLA က လက်ရှိအချိန်အထိ သဘောမတူခဲ့ပါဘူး။
“အခုတော့လည်း အဲဒီမြို့တွေကို ပြန်ပေးဖို့ တရုတ်က ကျွန်တော်တို့ကို ဖိအားပေးနေတယ်” လို့ PSLF/TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။
“တရုတ် – မြန်မာနယ်စပ်တလျှောက် ဒါမှမဟုတ် ပိုက်လိုင်းတွေအနီး တိုက်ပွဲမဖြစ်ဖို့ တရုတ်က ကျွန်တော်တို့ကို သတိပေးထားပါတယ်။ သူတို့ အကျိုးစီးပွားတွေရဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲမဖြစ်ဖို့ အတိအလင်း သတိပေးတာပါ”
ပြီးခဲ့တဲ့ လမှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုတွေ့ဆုံမှုက ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ၊ ဆောင်ရွက်မှုတွေကို ထောက်ခံတယ်လို့ တရုတ်သမ္မတ ရှီက စစ်ခေါင်းဆောင်ကို ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ဝန်ထမ်းတွေအပါအဝင် အဖွဲ့အစည်းနဲ့ စီမံကိန်းတွေ ဘေးကင်းဖို့ ဆောင်ရွက်နိုင်မယ် မျှော်လင့်ကြောင်းကိုလည်း တရုတ်သမ္မတက ပြောဆိုခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၁၈ လအတွင်း နိုင်ငံရဲ့ အရေးပါတဲ့ နယ်မြေတွေကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပေးအပ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံရဲ့ ထက်ဝက်ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီက နိုင်ငံတွင်းမှာရှိတဲ့ ဆိပ်ကမ်း၊ လေဆိပ်နဲ့ အဓိကမြို့ကြီးတွေအပါအဝင် နိုင်ငံရဲ့ အဓိကဗဟိုချက်တွေကို လက်ရှိအချိန်အထိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ တော်လှန်ရေးကို အားနည်းစေတာက ခေတ်မီလက်နက်တွေ မတပ်ဆင်နိုင်သေးတာနဲ့ ဗဟိုကွပ်ကဲမှု အားနည်းနေသေးတာပါ။
ဒီလိုအခြေအနေမှာတောင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြေပြင်ထိုးစစ်တွေကို ခုခံနိုင်စွမ်း မရှိတော့ဘဲ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ဆက်တိုက် ဆောင်ရွက်လာတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ တစ်ခါတလေမှာတေ့ တရုတ်လုပ်တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေ သုံးပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိတတ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ်လနှောင်းပိုင်းတုန်းက ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် ငလျင်ဒဏ်သင့်ဒေသတွေက အရပ်သားတေွကို နေ့စဉ်တိုက်ခိုက်မှုတွေ စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၃၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
မေလအလယ်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းအတွင်းက အိုးတိန်တွင်းရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဆရာ နှစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၂ ဦး သေဆုံးခဲ့ရပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့သိမ်းအောင်ပွဲကိုတော့ ကိုးကန့်တပ်လို့ အလွယ်ခေါ်လေ့ရှိတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် – MNDAA က ဦးဆောင်ခဲ့တာပါ။ ကိုးကန့်ဆိုတာ တရုတ်နွယ်ဖွား ဟန်လူမျိုးဖြစ်ပြီး မန်ဒရင်းစကားပြောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ မြန်မာနယ်စပ်မှာ နေထိုင်သူတွေ ဖြစ်ကြပေမယ့် မြန်မာနိုင်ငံက လူတော်တော်များများကတော့ သူတို့ကို တရုတ်လို့သာ မြင်ထားကြပါတယ်။
တရုတ်က ထောက်ပံ့ပေးတဲ့ လက်နက်တွေနဲ့ ကိုးကန့်တပ်ဖွဲ့က သူတို့ ဇာတိမြေတလျှောက်ကို ကာလအတန်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာတော့ လားရှိုးမြို့ကို ပထမဆုံးအကြိမ်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်ချုပ် သုံးဦးအပါအဝင် ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီနောက်ကွယ်မှာ တရုတ်အရာရှိတွေ မပါဝင်ဘူးဆိုတာကတော့ ထင်ရှားသိသာလွန်းပါတယ်။
နိုဝင်ဘာလမှာတော့ တရုတ်နိုင်ငံကို လာရောက်ခဲ့တဲ့ ကိုးကန့်တပ်အကြီးအကဲ ဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုးကန့်တပ်ခေါင်းဆောင်ကို မဖမ်းထားဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ပြီး ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတာဖြစ်ကာ ကျန်းမာရေးပြန်ကောင်းလာပြီလို့ ပြောဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့လယ်မှာ အပျက်အစီးများခဲ့တဲ့အပေါ် တရုတ်က သဘောကျပုံ မပေါ်ဘူးလို့ မက်သီယာဆင်က ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူဒါဇင်ဝက်ကျော် သေဆုံးခဲ့ပြီး တက္ကသိုလ်၊ အထက်တန်းကျောင်း၊ ဘုရားကျောင်း၊ ဟိုတယ်နဲ့ မြို့မဈေးကြီးထဲက ဆိုင်ခန်းတွေအပါအဝင် အဆောက်အအုံ ၁၈၀ ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။
တကယ်လို့များ တော်လှန်ရေးတပ်ဖွဲ့က လားရှိုးမြို့ကနေ မဆုတ်ခွာပေးဘူးဆိုရင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်မှာ မဟုတ်သလို အရပ်သားတွေ ပိုပြီး သေဆုံးရလိမ့်မယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။ တရုတ်က စစ်ကောင်စီ ပြိုလဲသွားတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး ဆိုတာ အတိအလင်း သတိပေးထားတယ်လို့ အမည်မဖော်လိုတဲ့ ကိုးကန့်တပ်အရာရှိတစ်ယောက်က ပြောပါတယ်။
ကိုးကန့်တပ်က လားရှိုးမြို့ကို စစ်ကောင်စီဆီ လွှဲပေးပြီးတာတောင် တရုတ်အနေနဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြောနေတုန်းပါပဲ။ လားရှိုးမြို့ကို ကိုးကန့်တပ်ထိန်းချုပ်ခဲ့တဲ့ ၈ လတာ ကာလအတွင်း CDM ဆရာဝန်တွေ အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာအောင် ကိုးကန့်တပ်ဘက်က ကြိုးစားခဲ့တာ တွေ့ရပါတယ်။
လုံခြုံရေးအရ အမည်လွှဲပြောင်းထားတဲ့ ဒေါက်တာ မင်း ဆိုသူကတော့ လားရှိုးမြို့ထဲ မြန်မာစစ်တပ် ပြန်ပြီး ဝင်ရောက်လာတာကို စောင့်ကြည့်နေခဲ့တယ်လို့ ပြောပါတယ်။ သူရဲ့ ဝမ်းကွဲတော်သူတစ်ယောက်ကတော့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။
“ရာချီတဲ့ စစ်ကောင်စီယာဉ်တန်း လားရှိုးမြို့ထဲ ဝင်လာတာ ကျွန်တော်မြင်လိုက်ရချိန်မှာတော့ ဒေါသနဲ့ ဝမ်းနည်းစိတ်က ကျွန်တော့်ကို လွှမ်းခြုံသွားခဲ့တာပေါ့။ တချို့စစ်ကားတွေကတော့ တရုတ်စာလုံးတွေ ကပ်ထားတာ တွေ့ရတယ်။ ဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက သူတို့ အသက်တွေ ပေးဆပ်ခဲ့ကြရပြီး ဒီလိုပေးဆပ်ခဲ့ရတာတွေအပေါ် ဘယ်လိုများ ဖြုန်းတီးပစ်ရက်တာလဲလို့ ကျွန်တော် တွေးနေခဲ့မိတယ်”
Ref : The New York Times