နန်းဆုပန်ခန့်
ကရင်ပြည်နယ်၊ ဒေါနတောင်ကြောရှိ အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာသောကြောင့် ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၈ ရက် မွန်းလွဲပိုင်း ၂ နာရီကျော်မှ ယနေ့ ဇွန်လ ၉ ရက် နေ့လည် ၁၀ နာရီကျော်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု မြေပြင်ရဲဘော်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၎င်းက “မနေ့က သူတို့ (စစ်ကောင်စီတပ်) ဘက်က တိုးလာတာ။ ကိုယ်တွေအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတယ်။ သူတို့ဘက်က ထိခိုက်မှုတော့ ရှိတယ်။ ဘယ်နှယောက်လဲဆိုတာ အတိအကျတော့မသိရသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် သေ့ဘောဘိုးတိုက်ပွဲ၊ ဘလက်ဒိုတိုက်ပွဲအပြင် သေ့ဘောဘိုးစခန်းမကျရေးအတွက် စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ အောင်ဇေယျစစ်ကြောင်းမှ စစ်သားအချို့ ပါဝင်နေသည်ဟု မြေပြင်ရဲဘော်၏ ပြောပြချက်အရ သိရသည်။
အဆိုပါဖမ်းမိသည့် စစ်သားများတွင်လည်း ပြည်သူ့စစ်များလည်း ပါဝင်သည်ဟု သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ခမရ ၃၅၅၊ ၃၅၆ စသည့် စခန်းများ ပြန်ရရေးအတွက် တန်ပြန်ထိုးစစ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်သို့ ရောက်ရှိလာပြီး ဧပြီလ ၁၃ ရက်တွင် တောနော်ရေတံခွန်အကျော် ဒေါနတောင်ကျောပေါ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ပုံစာ – ဒေါနတောင်ကြောတစ်နေရာ၌ မြင်တွေ့နေရသည့် မြေပြင်ရဲဘော်အချို့ (သံလွင်ခက်)