မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်အတွင်းမှ အကျဉ်းသား ၇၀ ဦးကျော် သေဆုံးခဲ့ရပြီး ၎င်းတို့အထဲမှ ၄၉ ဦးသည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ထုတ်ပြန်သည်။
အဆိုပါသေဆုံးမှုများနှင့်ပတ်သက်၍ မန္တလေး၊ အိုးဘိုအကျဉ်းထောင်အာဏာပိုင်များနှင့် စစ်ကောင်စီမှ သတင်းထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချဖုံးကွယ်ထားသည်ဟု PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။
“အဓိကအားဖြင့်တော့ ထောင်အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျဉ်းမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်။ စုစုပေါင်း ၇၀ ကျော်သေဆုံးတာကိုမှ ကျန်တဲ့ဟာတွေက အခြားရာဇဝတ်အကျဉ်းသားတွေ ဖြစ်မှာပါခဗျ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီနှင့် ထောင်အာဏာပိုင်များက ပြည်သူလူထုမှ ထောင်တွင်းသတင်းအချက်အလက်ရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံတကာမှ မြန်မာအရေးသီးသန့်အာရုံစိုက်မှုမရှိခြင်းတို့အပေါ် အခွင့်ကောင်းယူ၍ ငလျင်ကြောင့် အကျဉ်းထောင်အတွင်းသေဆုံးသူအရေအတွက်ကို ဖုံးကွယ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အိုးဘိုထောင်အတွင်း၌ သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသားများသည် အုတ်နံရံလေးဘက်တွင် သတင်းအမှောင်ချခံထားရသည်။
ထို့ကြောင့် ပြင်ပရှိ မိသားစုဝင်များက ဖြစ်စဉ်အခြေအနေမှန် မသိရှိသောကြောင့် ရက်လည်ဆွမ်းကျွေးပင် ပြုလုပ်ခွင့် မရသေးဟုလည်း PPNM ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများသည် ထောက်ပံ့ကူညီမှုများ လိုအပ်နေသောကြောင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုကို ဖော်ဆောင်နေကြသော အဖွဲ့အစည်းများမှ ထောက်ပံ့မှုများ ဆောင်ရွက်ပေးစေလိုသည်ဟုလည်း PPNM က တောင်းဆိုထားသည်။