သူရဇော်
မုံရွာမြို့အနောက်ဘက်ခြမ်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ပြင်းထန်နေသည်မှာ ငါးရက်ခန့် ကြာပြီဖြစ်ကာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများနှင့် အင်အားဖြည့်တင်းလျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ၌ စစ်ကောင်စီတပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဇွန်လ ၂ ရက်မှ စတင်တိုက်ခဲ့သည်။
အဆိုပါ စခန်းမကျဆုံးရေးအတွက် စစ်ကောင်စီဘက်မှ Y-12၊ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးယာဉ်နှင့် စက်တပ်လေထီးများကို အသုံးပြု၍ လေကြောင်းပစ်ကူပေးလျက်ရှိသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“ကန့်ဒေါင့်ကို ဝင်သိမ်းတာ စစ်ကောင်စီကနေပြီးတော့ ကန့်ဒေါင့် ကျမှာစိုးတော့ အင်မထီးဘက်ကို စစ်ကူပို့တာပေါ့နော်။ Mi-17 နဲ့ နှစ်ရက်ပေါင်း ခုနစ်ခေါက်ရှိပြီပို့တာ” ဟု ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။
အင်မထီးကျေးရွာဘက်မှ စစ်ကူပေးရန် တက်လာသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခြင်းကြောင့် အင်မထီးကျေးရွာအနီးတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသည်။
ထို့အပြင် စစ်ကောင်စီက ယမန်နေ့ ဇွန် ၆ ရက်တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းအနောက်ဘက် နေထိုင်သော အငြိမ်းစား ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ရသည်။
“စစ်ကောင်စီက ရော့ကတ်နှစ်လုံးနဲ့ ပစ်တာပေါ့နော်။ စာသင်ကျောင်းအနောက်ဘက်မှာ နေတဲ့ အငြိမ်းစားကျောင်းဆရာ တစ်ဦး ဆုံးသွားတယ်။ ဗုံးစမှန်ပြီး ခေါင်းပြတ်သွားတယ်” ဟု ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်က ပြောသည်။
ထို့အပြင် ပြီးခဲ့သော ဇွန်လ ၃ ရက်ကလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“တောထဲမှာ သစ်ပင်တွေအောက် ပုန်းနေရတာ လေယာဉ်လာလည်း သစ်ပင်အောက်မှာ ပုန်းနေရတာ။ ချက်စားဖို့ကတော့ တော်တော်ချက်ခဲတယ်ဗျ။ ရေကလည်း ရှားပါးတယ်ဆိုတော့လေ။ မနေ့ကဆို မိုးရွာတယ်။ ဇရပ်ထဲ ပြေးတဲ့သူက ပြေး၊ သစ်ပင်အောက် နေတဲ့သူက နေပေါ့” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျေးရွာပေါင်း ၁၂ ရွာထက်မနည်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးသည်းထန်ရွာသွန်းမှုကြောင့် မိုးကာကဲ့သို့သော နေရာထိုင်ခင်းအကူအညီများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
တိုက်ပွဲများကြောင့် ပုလဲမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ မင်းတိုင်ပင်၊ သာစည်၊ တောင်ရွာသစ်၊ ပန်းတော်ပြင်၊ မဲဇရက်၊ ညောင်ရမ်းကုန်း၊ ကိုးပင်၊ ဦးနှောက်၊ သရက်ကန်၊ တလိုင်းကန်၊ ဌေးအောင်၊ စံပြ စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။