မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်က ဝင်ရောက်ခွင့် ပိတ်ပင်ပြီး မရှေးမနှောင်းမှာပဲ တရုတ်နိုင်ငံက မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ ခွင့်ပြုလိုက်တယ် လို့ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မနေ့က ထုတ်ပြန်လိုက်တာပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ အိမ်ထောင်ဖက်၊ သားသမီးတွေအတွက် အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်တဲ့ Multiple နဲ့ ၅ နှစ်အထိ နေနိုင်တဲ့ ဗီဇာအပြင် ရက်ပေါင်း ၁၈၀ (၆ လ) နေထိုင်ခွင့်ရှိတဲ့ ဗီဇတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။
ဖော်ပြခဲ့တဲ့ ဗီဇာအမျိုးအစားတွေကို လာမယ့် ဇွန်လ ၉ ရက်ကစပြီး ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ တရုတ်သံ ရုံးက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မန္တလေးကောင်စစ်ဝန်ချုပ်ရုံးကတော့ ဝန်ဆောင်မှုတွေ ပြန်မရနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇွန်လ ၅ ရက်တုန်းက တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD) နဲ့ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတို့ ပူးတွဲစီစဉ်တဲ့ တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်ဂုဏ်ပြုပွဲနဲ့ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဆွေးနွေးဖလှယ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ မာကျားနဲ့ တရုတ်-မြန်မာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မိတ်ဖက်ကိုယ်စားလှယ်တွေအပါအဝင် လူ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ တရုတ်သံအမတ်ကြီး မစ္စတာ မာကျားက အမှာစကား ပြောကြားခဲ့ပြီး တရုတ်နဲ့ မြန်မာဟာ နိုင်ငံတကာအပြောင်းအလဲတွေရဲ့ စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ကြပြီး အပြန်အလှန် ဖေးမကူညီနေတယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။