သူရဇော်
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၌ ယမန်နေ့ညပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသော သုံးဦးအပါအဝင် ဒေသခံ ရှစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၁၀ လုံး မီးလောင်ပြာကြခဲ့ရသည်။
လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာရပ်ကွက်ရှိ လူနေအိမ် နှစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိသားစုနှစ်စုမှ ကလေးငယ် သုံးဦး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား သုံးဦး တပြိုင်တည်းသေဆုံးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
“လူနေအိမ် နှစ်လုံးပေါ်မှာ လက်နက်ကြီးကျတဲ့အခါကျတော့မိသားစုလေးတွေပေါ့။ ကလေးလေးတွေပါ ပါတယ်။ အဲဒီလိုသေဆုံးခဲ့တယ်” ဟု မြေပြင်အခြေနေသိရှိသူ ဒေသခံအမျိုးသားက ပြောသည်။
လက်နက်ကြီး ကျရောက်မပေါက်ကွဲခင်အချိန်တွင် ကောင်းကင်၌ မီးအလင်းတန်းနှစ်ခုအား တွေ့မြင်ခဲ့ရပြီး ပစ်ခတ်သံကိုလည်းကြားရသည်ဟု မျက်မြင်တွေ့မြင်ခဲ့သူများကို ကိုးကား၍ အဆိုပါအမျိုးသားက ဆက်ပြောသည်။
လူမှုကူညီကယ်ဆယ်ရေးအသင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ညသန်းခေါင် ၁၂:၃၀ အချိန်ခန့်၌ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ကယ်ဆယ်ရေးလုပ်နေချိန် လက်နက်ကြီးတွေ ထုနေလို့ ပြန်ခဲ့ရတယ်ဗျ” ဟု ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်များတွင် ကျောက်မိုင်းခွဲရာမှာ အသုံးပြုသော ပုလဲဓာတ်မြေဩဇာအချို့ကိုတွေ့ရှိခဲ့ရပြီး ယင်းဓာတ်မြေဩဇာများမှ ပေါက်ကွဲမှုကို ပိုမိုပြင်းထန်စေခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။
“လွန်ခဲ့တဲ့ ၃ ရက်က ဖြစ်သွားတာလည်း အဲဒီလိုပဲဗျ၊ ကျောက်တူးဖော်ရေး ကုမ္ပဏီကို သွားပြီးတော့ ဒရုန်းနဲ့ ပစ်တာကနေ ယမ်းဂိုထောင်ပေါက်ကွဲပြီးတော့ လူသုံးဦး သေတယ်။ ၁၀ ဦးဒဏ်ရာရတယ်။ ဒီဖြစ်စဉ်လည်း အဲဒီအတိုင်းပါပဲ။ မီးလင်းတန်းမြင်တယ်။ ပေါက်ကွဲမှုဖြစ်တယ် “ ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါအမျိုးသားပြောသည့် ဖြစ်စဉ်သည် ယခုလ အစောပိုင်း ဇွန် ၃ ရက်ကလည်း လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်လုပ်ကွက်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်း၏ ပြောဆိုချက်အရ ဖြစ်စဉ် နှစ်ခု၌ တူညီသော အချက်သည် ပေါက်ကွဲမှုအားပိုမိုပြင်းထန်စေသော ယမ်း သို့မဟုတ် ယမ်းကဲ့သို့ ပေါက်ကွဲတတ်သော ပုလဲမြေဩဇာများရှိသော နေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော် လက်နက်ကြီးပစ်ခတ်မှု မည်သည့်အဖွဲ့မှ ပစ်ခတ်သည်ကို အတည်ပြု၍ မရနိုင်သေးပေ။
စစ်ကောင်စီသည် ဧပြီ ၂၃ ရက်မှ စတင်၍ ကာမိုင်း-လုံးခင်း-ဖားကန့် လမ်းပိုင်းချီတက်လာပြီး ပြီးခဲ့သည့် မေလ တစ်လတာ ဖားကန့်တွင် စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းထိုးစဉ်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျောက်ကုမ္ပဏီ လုပ်ကွက်များရှိ လုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းများလည်းပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ဖားကန့်မြို့နယ် မဇွန်ယာန် မှောစီစာ စသည့်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်ဟု မှောစီစာဒေသခံအချို့က ပြောသည်။
ထို့ကြောင့် ဖားကန့်ဒေသခံများသည် တိုက်ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။
ပုံစာ – ပေါက်ကွဲမှုဖြစ်ပွားပြီး မြင်ကွင်း (ဓာတ်ပုံ – ဒေသခံ)


