ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ ကိုးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူများအား ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် ရခိုင်ဒေသခံအမျိုးသမီးများမှ အာရက္ခတပ်တော် (AA) အား တောင်းဆိုလိုက်သည်။
”အခုလို ပြစ်မူတွေကို အာရက္ခတပ်တော် AA အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ပေးပြီးတော့ အရေးယူပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင် အခုလို အဓမ္မကျူးလွန်သူတွေကို သေဒဏ်အထိ ပေးလို့ရတဲ့ ဥပဒေမျိုး AA မှာ ရှိစေချင်တယ်။ ဒါမှ အခုလိုအမှုမျိုးတွေက ပပျောက်မှာ ဖြစ်တယ်။ မုဒိန်းမှုဆိုလို့ရှိရင် သေဒဏ်က လွဲပြီး တခြားပစ်ဒဏ်ပေးဖို့ မရှိပါဘူး” ဟု အသက် ၂၄ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်က အရွယ် မရောက်သေးသည့် ကိုးနှစ် အရွယ် မိန်းကလေးငယ်သည် လူ ရှစ်ဦးမှ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံရပြီး ဖားပြိုကျေးရွာ၏ အဝေး တစ်နေရာရှိ သစ်ပင်တွင် လည်ပင်းအား ကြိုးကွင်းစွတ်ကာ တွဲလောင်းချထားခဲ့သည်ကို ဒေသခံများက တွေ့ရှိခဲ့သည်။
ထိုသို့ ကျူးလွန်သူများအား ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း မေလ ၁၁ ရက်က ထုတ်ပြန်တောင်းဆိုထားသည်။
လက်ရှိတွင် ၎င်းအမှုနှင့် ပတ်သတ်ပြီး သံသယရှိသူ ရှစ်ဦးအား အာရက္ခတပ်တော် AA ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေသည်ဟု ယမန့်နေ့ ဇွန်လ ၅ ရက်က ဦးခိုင်သုခက အတည်ပြုပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများအား မင်းပြားမြို့မ စခန်းတွင် (ပ) ၆၀/၂၀၂၅ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀ /၃၇၆ ဖြင့် ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ တရားစွဲ ပြစ်ဒဏ်ပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။