ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု ခွန်ဆာကုန်း ဘုန်းကြီးကျောင်းအနီး၌ ဇွန်လ ၆ ရက် ညပိုင်း ၉ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် လူနေအိမ်မီးလောင်ခဲ့ပြီး ဒေသခံများ ပိတ်မိနေကာ ထိခိုက်မှုရှိနိုင်သည်ဟု လုံးခင်းဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး လုံးခင်းကျေးရွာအနီးရှိ မဇွန်ယပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများမှ ယူဆကြသည်။
“ဖားကန့်ဘက်က ပစ်တာတော့ မဟုတ်ဘူး။ မဇွပ်ယန်ဘက်က ပစ်တာလို့တော့ ကြားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လှုမှုကွန်ယက်စာမျက်နှာတွင် တွေရသော ရုပ်သံဖိုင်များအရ နေအိမ်သည် မီးလောင်ကျွမ်းလျက်ရှိပြီး နေအိမ်ထဲ၌ မိသားစုများ ပိတ်မိနေနိုင်သည်ဟုလည်း ဗီဒီယိုရိုက်ကူးသူအမျိုးသမီးမှ ပြောသည်။
သံလွင်ခက်အနေဖြင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများကို အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ဆက်လက်စုံစမ်းလျက်ရှိသည်။
ဖားကန့်မြို့နယ်တွင် နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိသောကြောင့် ၉ နာရီကျော် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် လူမှုကူညီကယ်ဆယ်ရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့များမှ မီးသွားရောက်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဟု ဒေသခံများမှပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ဖားကန့်မြို့နယ် မဇွန်ယပ်၊ မှောစီစာ စသည့် ကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် နှစ်ဘက်ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားခဲ့သည်ဟု မှောစီစာဒေသခံအချို့က ပြောသည်။
ထို့ကြောင့် ဒေသခံများသည် ဖားကန့်ဒေသ၌ တိုက်ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်။