








ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း မြဝတီမြို့အနီး မဲ့ထော်သလေး (KK Park) နယ်မြေက အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦးတို့ကို ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်အနီးတလျှောက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ၂၀၂၅ ဇန်နဝါရီမှ စတင်၍ နှစ်နိုင်ငံတာဝန်ရှိသူများနှင့်အတူ အဆိုပါနယ်မြေများအား ထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့များမှ ပူးပေါင်းနှိမ်နင်းခဲ့ကြသည်။
ထိုသို့ စတင်နှိမ်နင်းသည့် ၂၀၂၅ ဇန်နဝါရီ ၃၀ မှ ဇွန်လ ၃ ရက် အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယင်းထဲမှ ၈၇၀၀ နီးပါးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထိန်းသိမ်းထားသူများထဲမှ ထပ်မံလွှဲပြောင်းပေးရန် ၄၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။