စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာကို ယနေ့နံနက် ၂ နာရီခွဲခန့်က ဒေသခံကာကွယ်ရေးစုပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သေဆုံးသည်ဟုတပ်ဖွဲ့ဝင်များကပြောသည်။
တန့်ဆည်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသည့် ဆင်ငယ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်သ ည်မှာ သုံးလခန့်ရှိပြီဖြစ်ပြီး ဒေသခံအချို့ကိုလည်း စစ်သင်တန်းပေး၍ ပျူစောထီးဖွဲ့ကာ လက်နက်များတပ်ဆင်ပေးထားသည်ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“စခန်းသိမ်းပြီးဆုတ်ခဲ့တာဆိုတော့ သူတို့စခန်းထဲမှာရှိတဲ့ အဓိက လက်နက်ကိုင်တဲ့တပ်ဖွဲ့ကြတော့ အကုန်သေပြီးကျွန်တော်တို့ သိမ်းနိုင်ခဲ့တာပေါ့။ အလောင်း ၃၀ လောက်တွေ့တယ်။ အလောင်းက စကစရော ပျူရော အကုန်ရောနေတာ။ သေနတ်က တွေ့တဲ့ ၁၀ လက်လောက်ပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့ကြတယ်” ဟုပြော သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးလည်း တိုက်ပွဲတွင်ကျဆုံးခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ထိုစစ်ဆင်ရေးကို ရွှေဘိုခရိုင် တပ်ရင်း (၆)၊ (၉)၊ (၁၂) နှင့် တန့်ဆည် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားသော ကြောင့် ဒေသခံ ပျုစောထီးအချို့မှာ အခြားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်သူများလည်းရှိသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး တန့်ဆည်မြို့၏ အရှေ့ဘက် တစ်မိုင်ခန့်သာဝေးသည့် ငတန်းကျေးရွာတွင်လည်း တစ်နေ့အတွင်း နေအိမ် ၄၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးကာ တပ်စွဲထားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။