အမီးလေး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဇွန်လ ၅ ရက် ညနေ ငါးနာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် တာဝန်ခံက ပြောသည်။
“မနေ့က ငါးနာရီလောက်မှာ ဂျက်ဖိုက်တာက ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူတယ်။ ဒဏ်ရာရတာက ပြည်သူ လေးဦး၊ ထိခိုက်ဒဏ်ရာကတော့ ပေါင်တို့၊ လက်မောင်းတို့ ထိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ တစ်ကြိမ် ဗုံးကြဲချသွားခြင်း ဖြစ်ပြီး ဗုံးအမျိုးအစားအား မသိရသေးဟု ပြောသည်။
ထိုသို့ ဗုံးထိ၍ ပျံလွန်တော်မူသွားသည့် ဘုန်းကြီးမှာ သက်တော် ၆၀ ခန့်ရှိပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၁၆ နှစ်မှ ၂၉ နှစ်အရွယ်များ ဖြစ်ကြသည်။
ပြီးခဲ့သည် ဇွန်လ ၃ ရက်တွင်လည်း စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန် ဘုရားဘုန်းကြီးကျောင်းအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ဘုန်းတော်ကြီး ကျောင်းဆောင် နှစ်ဆောင် ပျက်စီသွားခဲ့သည်။
စစ်ကောင်စီသည် ငလျင်အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ယာယီအပစ်အခတ်ရပ်စဲ ကြောင်း ထုတ်ပြန်ထားသော်လည်း အရပ်သားများအား လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။
ဇွန်လ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီက အရပ်သားပြည်သူများအား ၁၆ ကြိမ်တိတိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ဇွန် ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဓါတ်ပုံ- ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် Page



