အိန္ဒိယ – မြန်မာနယ်စပ် အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ လောင်းဒင်းခရိုင်၊ ပေါင်ချောင်မြို့နယ်ခွဲမှာ လက်နက်ကိုင်အဖွဲ့တွေ သွားလာလှုပ်ရှားနေကြတဲ့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၅ ရက်မှာ အဲဒီနယ်စပ်တဝိုက် ကင်းလှည့်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကင်းလှည့်တပ်ဖွဲ့က သစ်တောထူထပ်တဲ့ နေရာတွေအနီး ကင်းလှည့်နေချိန်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ကာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ စစ်ဆေးတဲ့အခါ အဲဒီတပ်ဖွဲ့က ပြင်းပြင်းထန်ထန်ပစ်ခတ်တဲ့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း ပြန်ပြီး ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံထဲ ဝင်ရောက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကလည်း အိန္ဒိယ – မြန်မာနယ်စပ်အနီး တိုက်ပွဲမှာ မြန်မာလက်နက်ကိုင် ၁၀ ဦး ကျဆုံးခဲ့ပါသေးတယ်။
တမူး ပကဖ ကလည်း အိန္ဒိယ – မြန်မာနယ်စပ်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့တယ်လို့ မေလ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၄ နှစ်ကြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ တမူး ပကဖတွေက အိန္ဒိယနယ်ထဲ ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ အိန္ဒိယစစ်တပ်က ထုတ်ပြန်ထားပေမယ့် အဲဒီထုတ်ပြန်ချက်က မှန်ကန်မှုမရှိဘူးလို့ ပကဖ တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ မဏိပူရ်၊ မီဇိုရမ်အပါအဝင် ပြည်နယ် ၄ ခုဟာ မြန်မာနိုင်ငံနဲ့ ၁,၆၄၃ ကီလိုမီတာ ထိစပ်နေပြီး တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုတွေနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ကိုလည်း အိန္ဒိယနိုင်ငံက စီစဥ်နေပါတယ်။
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယဘက်က ခြံစည်းရိုးကာရံနေတဲ့ လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ – NUG နဲ့ အိန္ဒိယတာဝန်ရှိသူတွေ ဆွေးနွေးထားတယ်လို့လည်း သိရပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး NUG ဘက်က ထုတ်ပြန်ချက်တွေ ရှိခဲ့သလို မြန်မာဘက်ခြမ်းက အခြေအနေတွေကြောင့် အိန္ဒိယနိုင်ငံဘက် ခိုလှုံလာသူတွေအပေါ် လူသားချင်းစာနာထောက်ထားမှု အခြေခံပြီး စဥ်းစားပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ပြည်တွင်းသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံ – The Hindu