
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း ကျေးရွာအချို့တွင် တိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။
အဆိုပါစစ်ဘေးရှောင်များသည် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့ပေါ်မှ လာရောက် ခိုလုံနေကြသူများ ဖြစ်သည်။ လက်ရှိတွင် အကူအညီရရှိမှု နည်းပါးသည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အသက် ၂၃ နှစ်အရွယ် ရမ်းဗြဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
”အခုက စစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက နည်းတယ်။ လောလောဆယ် စစ်ဘေးရှောင်တွေက ကျောက်ဖြူဘက်က များပါတယ်။ နယ်ဘက်တွေမှာ စစ်ရှောင်နေကြရတော့ အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိတော့ ပိုပြီးအခက်အခဲရှိတယ်” ဟု ၎င်းက ဆိုသည်။
ရမ်းဗြဲမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင် ထောင်နှင့်ချီ ခိုလုံနေကာ လက်ရှိတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဆန်နှင့် လစဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးမှုများရှိသော်လည်း လုံ့လောက်မှုမရှိဟု သိရသည်။
ထို့အပြင် ယင်းစစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများအတွက် အခြေခံလိုအပ်ချက်များ ရှိနေသည်ဟုလည်း နောက်ထပ် အသက် ၃၀ အရွယ် ရဗ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက ”အခုကလေ မိုးရာသီဆိုတော့ စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးငယ်တွေမှာ အဝတ်အထည်တွေလည်း လိုအပ်တယ်။ pad (အမျိုးသမီးလစဉ်သုံးပစ္စည်း) ထုတ်တွေလည်း လိုတယ်။ အတွင်းခံ ဘောင်းဘီတွေလည်း လိုတာပေါ့” ဟု ဆိုသည်။
ထို့အပြင် မိုးရာသီကျရောက်လာပြီဖြစ်သည့်အတွက် အမိုးအကာနှင့် အဝတ်အထည်များလည်း အရေးတကြီးလိုအပ်နေကြသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် နေအိမ်ဆုံးရှုံးမှုများကြောင့် ၎င်းတို့ နေရပ်သို့ မပြန်နိုင်သေးဘဲ ရမ်းဗြဲတွင် ခိုလုံနေရဆဲ ဖြစ်သည်။