ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဗျူဟာကုန်းမှ တပ်မမှူးကို လာရောက်ခေါ်ဆောင်သည့် စစ်ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။
“လေယာဉ်လာတာကို ဗျူဟာပတ်ချာလည်မှာ ရှိတဲ့ KIA အဖွဲ့အစည်းတွေက လေယာဉ်ကို ပစ်တာ။ လေယာဉ်နဲ့ လာတာကို အောက်က လေယာဉ်ကို ပစ်လို့ လေယာဉ်က ပြန်ပစ်သွားတာ” ဟု ပစ်ခတ်မှုဖြစ်ပွားချိန် ဖားကန့်ဗျူဟာကုန်းအနီးတွင် ရောက်ရှိနေသူ တစ်ဦးက ပြောသည်။
ယမန်နေ့ (ဇွန် ၄ ရက်) ညနေပိုင်းတွင် ဖားကန့်မြို့ ဗျူဟာကုန်းတွင် တပ်စွဲထားသော တပ်မှ တပ်မမှူးကို စစ်ကောင်စီမှ လေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ KIA မှ ပစ်ခတ်စဉ်တွင် စစ်ကောင်စီဘက်မှလည်း ရဟတ်ယာဉ်ပေါ်မှ ပြန်လည်ပစ်ခတ်မှုများ လုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီ ဗျူဟာကုန်းအနီးတွင် နေထိုင်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖားကန့်မြို့ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီက တပ်မမှူးအား လာရောက်ခေါ်စဉ်တွင် ငြင်းဆန်သောကြောင့် ပစ်ခတ်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်ဟု သတင်းထွက်ပေါ်နေသည်။ သို့သော် သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အပေါ်မှာလည်း ဖြစ်တယ်ပြောတယ် တပ်မမှူးက အဖမ်းမခံလို့ အထက်အမိန့်နဲ့ ပစ်ခတ်ဖမ်းဆီးတယ်လို့တော့ ကြားတယ်”ဟု ဒေသခံက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်မှစတင်၍ စစ်ကောင်စီက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး ဇွန်လ ၃ ရက်တွင် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ ဘုရားအနီး တပ်စွဲထားသည်ဟု ဒေသခံများထံမှ သိရသည်။
ဇွန် ၄ ရက်တွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်အချို့ရှိ လုပ်ငန်းသုံးကားများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း မှော်စီစာ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရသိရသည်။
ပြီးခဲ့သည် မေ ၂၀ ရက်ကလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA သည် စစ်ကူနှင့် ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ် သုံးစီးထဲမှ နှစ်စီးအား ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသည့် ရဟတ်ယာဉ်တွင် လိုက်ပါလာသူ စစ်ကောင်စီဘက်မှ သေဆုံးမှုများ ရှိခဲ့သည်။
KIA သည် စစ်ကောင်စီ အာဏာသိမ်းထားသည့် ငါးနှစ်အတွင်းတွင် စစ်ရဟတ်ယာဉ် လေးစီးနှင့် တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်။