စစ်ကောင်စီက မေလအတွင်း၌ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော ၁၃ နေရာထက်မနည်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု TNLA က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ TNLA ထိန်းချုပ်ထားသော ရေဖြူရွာ၊ ကျောက်ကြမ်းရွာ၊ ရွှေမုဌောရွာ၊ ကုလားရွာ၊ တရက်ချိုရွာ၊ အုမ္မတီး၊ အုမ္မခါးကျေးရွာ၊ မတ်မန်းတောရွာ၊ နောင်လိတ်ရွာ၊ နောင်ချိုကြီးရွာနှင့် တောင်လှရွာတို့မှာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေတယ်။ တိုက်ပွဲကတော့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာ မဟုတ်သည့်တိုင်အောင် တစ်ရက်ခြား နှစ်ရက်ခြား ဆက်လက် ဖြစ်ပွားနေတာမျိုးရှိပါတယ်” ဟု ပြောသည်။
TNLA အပါအဝင် မြောင်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်သော အာရက္ခတပ်တော် (AA) နှင့် ကိုးကန့်တပ် (MNDAA) တို့မှ အပစ်အခတ်ရပ်စဲရေးကာလကို ဇွန်လ ၂ ရက်မှ ၃၀ ရက်အထိ တစ်လ ထပ်တိုးခဲ့သည်
။ စစ်ကောင်စီဘက်ကတော့ ယခုလဆန်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေးကို တစ်လ ထပ်တိုးသတ်မှတ်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရပ်စောက်ဘက်မှ စစ်ကူအင်အားများ ဖြည့်တင်း၍ နောင်ချိုမြို့နယ်တွင်းရှိ TNLA ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုလည်း သိရသည်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကတော့ နောင်ချိုဒေသရှိ TNLA ထိန်းချုပ်နေရာများကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု ရေးသားထားသည်။ TNLA အနေဖြင့် အပစ်အခတ်ရပ်စဲသောကာလများတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်ကိုသာ အသုံးပြုသွားမည်ဟုလည်း TNLA ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဦးဆောင်သော တပ်များက နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် လက်အောက်ခံအမြှောက်တပ်ရင်းများဖြစ်သော အမတ (၄၀၆)၊ အမတ (၂၀၆) တို့ကို သိမ်းပိုက်ခဲ့သည်။ လက်ရှိအချိန်တွင် တောင်ခမ်းဒေသကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်ထားသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထားသည်။ ၎င်းတို့ထဲမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့များသည် တရုတ်နိုင်ငံနှင့် ကုန်းလမ်းကုန်သွယ်ရေးအရ အဓိကကျသော လမ်းမကြီးဘေး၌ တည်ရှိသည်။
၎င်းမြို့များအပါအဝင် TNLA ထိန်းချုပ်ထားသော မြို့များကို လက်လွှတ်ပေးရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆွေးနွေးပွဲတွင် စစ်ကောင်စီမှ တောင်းဆိုထားသလို တစ်ဖက်တွင်လည်း လေကြောင်းမှ တိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းအလုံးအရင်းဖြင့် TNLA ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်ခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်နေသည်။
ပုံစာ- ၂၀၂၄ ခုနှစ် ဇန်ဝါရီလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၌ တွေ့ရသော PSLF/TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှု တာဘုန်းကျော်နှင့်အဖွဲ့