အမီးလေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် ကာရာအိုကေ (KTV) မှ ပြန်လာစဉ် အထက်တန်းစာသင်ကျောင်းအုပ်ကြီး၊ အထက်တန်းပြဆရာတစ်ဦးနှင့် ကျောင်းစောင့်တို့သည် သွေးသစ္စာသီချင်းကို သတိလက်လွတ် သီဆိုမိသဖြင့် စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ကေတီဗီက အပြန် ဆိုင်ကယ်စီးရင်း မူးပြီး အော်ဆိုလာတာ။ ဖြစ်တဲ့နေ့က ချက်ချင်းမဖမ်းဘူး။ ဝန်ခံထိုးခိုင်းသေးတယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့သည် ကေတီဗီမှ ဆိုင်ကယ်စီး၍ ပြန်လာချိန်တွင် မြို့ပေါ် လမ်းတလျှောက် သွေးသစ္စာသီချင်းအား အော်ဆိုခဲ့ကြသည်ဟု သိရသည်။
“အဲဒီနေ့က မိန်းလမ်း (ကားလမ်းမကြီး) ပေါ်နေတဲ့ လူတွေ အကုန် သိတယ်။ အထူးအဆန်းဖြစ်လို့ ထွက်တောင်ကြည့်ကြတယ်။ ပြီးတော့ သူတို့ နေတဲ့ ကျောင်းမှာလည်း အစောင့်ပျူတွေရှိတယ်လေ” ဟု အဆိုပါ ဒေသခံက ပြောသည်။
ထိုသို့ သွေးသစ္စာ သီချင်းသီဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးနှင့် အတူ ပါဝင်ခဲ့သူ ပညာရေးဝန်ထမ်းများအား ချက်ချင်း မဖမ်းဆီးဘဲ ခံဝန်လက်မှတ်ထိုးကာ နေထိုင်ခွင့်ပြုထားခဲ့သည်။
သို့သော် မေလ ၂၇ ရက်တွင် ကန့်ဘလူမြို့ အထက ၁ ကျောင်းအုပ်ကြီး၊ အထက်တန်းပြ ကျောင်းဆရာနှင့် ကျောင်းစောင့်တို့ကို ကျောင်းဝင်းအတွင်းသို့ ဝင်ရောက် ဖမ်းဆီးသွားသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၉၂၂၆ ဦးအား ဖမ်းဆီးထောင်ချခဲ့ပြီး အပြစ်မဲ့ပြည်သူ ၆၇၇၂ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP စာရင်းများအရ သိရသည်။