မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တယ်လို့ အိမ်ဖြူတော်က မနေ့က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး အခု ဇွန်လ ၉ ရက်ကစပြီး အသက်ဝင်မယ်လို့ သိရပါတယ်။
အမေရိကန်ကို လာရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ကျောင်းသားဗီဇာ၊ အလည်အပတ်ဗီဇာတွေနဲ့ လာရောက်ကြပေမယ့် ရက်ကျော်နေထိုင်မှုများတဲ့အတွက် အခုလို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာပါ။
ရက်ကျော်နေထိုင်သူတွေကို အမေရိကန်ဥပဒေအရ နိုင်ငံသားအဖြစ်က ပယ်ဖျက်ပြီး မိခင်နိုင်ငံပြန်ပို့မှုတွေ လုပ်ဆောင်နေပေမယ့် ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့အတွက်လည်း အခုလိုပိတ်ပင်လိုက်တာလို့ သိရပါတယ်။
အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တဲ့ နိုင်ငံတွေက မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ လစ်ဗျား၊ ဆိုမာလီယာ၊ အီရန်၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ဖြစ်ကြပြီး လုံခြုံရေးအကြောင်းပြ ပိတ်ပင်ခဲ့တာပါ။
မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ရခြင်းက အမေရိကန်မှာ သက်တမ်းလွန်ဗီဇာနဲ့ နေထိုင်သူ များပြားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကစပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ ထောက်လှမ်းရေးဌာနတို့ ပူးပေါင်းပြီး အမေရိကန်နိုင်ငံကို အန္တရာယ်ပြုလာနိုင်မယ့် နိုင်ငံတွေရဲ့ စာရင်းတွေကို ပြုစုဖို့ သမ္မတ ထရမ့်က ညွှန်ကြားခဲ့ပါတယ်။
အဲဒီလိုညွှန်ကြားခဲ့ပြီးနောက် အခုလို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။
ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ နိုင်ငံသားတွေထဲကမှ အမေရိကန်မှာ ဥပဒေနဲ့အညီ နေထိုင်သူတွေ၊ သက်တမ်းမကုန်သေးတဲ့ ဗီဇာကိုင်ဆောင်ထားသူတွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အကူအညီပေးဖို့ ရောက်ရှိနေကြသူတွေကိုတော့ ကင်းလွတ်ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။