ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတောင်ပိုင်းရှိ သေ့ဘောဘိုး မဆုတ်တမ်းခံစစ်စခန်းသိမ်းတိုက်ပွဲ ဝင်ပြီး ပြန်လာသော ကရင်ပူးပေါင်းတပ်ဖွဲ့ ရဲဘော်များကို ဒေသခံများမှ ယနေ့ ကြိုဆိုခဲ့ကြသည်ဟု သံလွင်ခက် မြေပြင်သတင်းအဖွဲ့မှ ပေးပို့သည်။
ဗိုလ်တာဘောဦးဆောင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA), KNDO နှင့် PDF တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများကို တပ်မဟာ ၆ နယ်မြေ တစ်နေရာတွင် သပြေပန်း၊ ပန်းကုံးများဖြင့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ထမင်းဟင်း၊ MilkShake များ၊ Donuts များဖြင့်လည်း ဧည့်ခံခဲ့ကြသည်။
သေ့ဘောဘိုးစခန်းကို KNLA၊ KNDO နှင့် PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့၊ Cobra Column 2 Venom ပူးပေါင်းစစ်ကြောင်းတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၃ ရက် ညဦးပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦးက လက်နက်ချခဲ့ကာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု သိမ်းပိုက်ထားသည့် သေ့ဘောဘိုးစခန်းကို ၂၀၂၂ ခုနှစ် မေလတွင် ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းနိုင်ခဲ့ပြီး ခြောက်လခန့်အကြာတွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
လက်ရှိတွင် တပ်မဟာ ၆ နယ်မြေအတွင်း မေလ ၂၃ ရက်မှစ၍ ယခုအချိန်အထိ စစ်ကောင်စီတပ်စခန်း ၆ ခုဖြစ်သည့် ဘလယ်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်ကုန်းစခန်း၊ မော်ခီးစခန်းနှင့် သေ့ဘောဘိုးစခန်းတို့ကို ပူးပေါင်းတပ်များက ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆက်လက်သိမ်းပိုက်ရန် မြဝတီ- ဝေါလေ ကားလမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း ဝေါလေဗျူဟာ၊ ဥကရစ်ထနှင့် ထီးကပလယ်စခန်းတို့သာ ကျန်ရှိတော့သည်။
ပုံစာ – ပူးပေါင်းစစ်ကြောင်း တပ်ဖွဲ့ဝင်များအား ဒေသခံလူထု ကြိုဆိုနေသည့် မြင်ကွင်း (ဓာတ်ပုံ – ကိုနီတာ၊ သံလွင်ခက်)