ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေး ကြပ်တည်းလာနေသည်ဟု ဆိုကြသည်။ လက်ရှိတွင် ကျေးတော ရွာမ၊ ကျေးတောပိုက်ဆိတ်ကျေးရွာ၊ ကံပြင်ရွာဟောင်း၊ သုံးဆောင်ကျေးရွာ၊ ဗျိုင်းဖြူရွာ၊ ရွှေမင်းဂံ၊ ချောင်းနွယ်၊ မြစ်နား၊ နာရီကန်၊သင်းပုန်းတန်း၊ ဇော်မဒက် စသည့် ကျေးရွာများမှ စစ်ဘေးရှောင် သောင်းနှင့်ချီပြီး စစ်တွေမြို့တွင် စစ်ဘေးရှောင်နေကြရသည်။
အဆိုပါစစ်ရှောင်များမှာ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အဓိက ခိုလုံနေကြရပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးသည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ကျေးတောပိုက်ဆိတ်ကျေးရွာမှ စစ်တွေမြို့တွင် စစ်ရှောင်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက ”အခုက ဆိုင်တွေ ဖွင့်တာကလည်း နည်းတယ်။ လက်လုပ်လက်စားတွေအတွက်က ပိုပြီး ခက်ခဲတယ်။ အရင်ကဆို စားသောက်ဆိုင်တွေမှာ အလုပ်လုပ်လို့ ရတယ်။ အခုက မရဘူး။ ကုန်ဈေးနူန်းကလည်း တက်တော့ ပိုဆိုးတာပေါ့” ဟု ဆိုသည်။
ယင်းစစ်ဘေးရှောင်များမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းမှ အတင်းနှင်ထုတ်ကာ စစ်တွေမြို့တွင်းသို့ ပို့ထားခြင်းဖြစ်သည်။ ထိုဒေသခံအများစုမှာ စီးပွားရေး အဆင်မပြေသည့် လက်လုပ်လက်စားများဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့မှ ထွက်ခွင့်မရဘဲ ပိတ်မိနေသူများလည်းဖြစ်ကြသည်။
အာရက္ခတပ်တော် AA အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်မှစ၍ မြို့တွင်းနေ ပြည်သူများအား လွတ်မြောက်နယ်မြေများတွင် တိမ်ရှောင်းကြရန် ပြောဆိုခဲ့သည်။ ဒေသခံများမှာ တခြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီက စစ်တွေမြို့အား တခြားမြို့နယ်များနှင့် ရေလမ်း၊ ကုန်လမ်းများအား ပိတ်ဆို့ထားခဲ့သည်။
ထို့ကြောင့် လက်လုပ်လက်စားများအနေဖြင့် ပိုမိုခက်ခဲလာနေခြင်းဖြစ်သည်ဟု သင်းပုန်တန်းကျေးရွာမှ အသက် ၂၅ နှစ် အမျိုးသမီးတစ်ဦးက ပြောသည်။ “အခုက စားဝတ်နေရေး လုံးဝ အဆင်မပြေဘူး။ အလုပ်ကလည်း မရှိဘူး။ ရှိတာတွေကလည်း ပေါင်စားလို့ ကုန်ပြီ။ အလုပ်ရဖို့အတွက်လည်း အခု အခြေအနေနဲ့ စစ်တွေမှာ အဆင်မပြေဘူးလေ” ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့မှ တခြားမြို့များသို့ ထွက်ရန်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည့်အတွက် အဆင်မပြေဖြစ်နေကြသည်။ ထို့အပြင် စစ်တွေမှ ရန်ကုန်သို့ သွားရောက်ရန် လေယာဉ်လမ်းကြောင်းတစ်ခုသာ ဖွင့်ပေးထားသည့်အတွက် လေယာဉ်စရိတ် မတတ်နိုင်သည့် ဒေသခံများမှာ အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
ထို့အပြင် စစ်တွေမြို့ရှိ ကုန်ဈေးနူန်းမှာလည်း မြင့်တက်လာနေသည့်အတွက် အခြေခံလက်လုပ်လက်စားများနှင့် စစ်ဘေးရှောင်များမှာ ပိုမိုခက်ခဲလာနေသည်ဟု သိရသည်။