ခင်သရဖီဦး
ရခိုင်ပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ယခုရက်ပိုင်းအတွင်း ကုန်ဈေးနူန်များ မြင့်တက်လာသည်ဟု ဆိုင်ပိုင်ရှင်များနှင့် ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ကုန်ပစ္စည်းများ ပြတ်လပ်သွားခြင်းကြောင့် မဟုတ်ဘဲ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကုန်အဝင်နည်းသွားပြီး အခြေခံစားသောက်ကုန်များ စျေးမြင့်တက်နေသည်ဟု ကျောက်တော်ဒေသခံ အသက် ၃၂ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
”အိန္ဒိယဘက်တွေက ပုံမှန်ပစ္စည်းတွေ ဝင်နေတာမှာ အခုက မိုးကြီးတော့ ပစ္စည်းဝင်တာ ရပ်သွားတယ်။ ပစ္စည်းဝင်ရောက်တာ နည်းနည်းပြတ်တာနဲ့ ဒီဘက်မှာ ဈေးတွေ တက်ကုန်တာပါပဲ” ဟု ၎င်းက ဆိုသည်။
ယခင်က ဆန်ကြမ်း တစ်အိတ်လျှင် ၅၆၀၀၀ ကျပ်မှ ယခု ၆၀၀၀၀ ကျပ်၊ အိန္ဒိယနိုင်ငံထုတ် ဆီ တစ်လီတာကို ယခင်က ၁၀၀၀၀ ကျပ်မှ လက်ရှိ ၁၂၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင် ၁၀၀၀၀ ကျပ်မှ လက်ရှိ ၁၅၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တပိဿာ ၂၀၀၀၀ ကျပ်မှ လက်ရှိ ၂၁၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၇၀၀ ကျပ်မှ ၁၅၀၀ကျပ် စသည်ဖြင့် ဈေးနူန်းမြင့်တက်လာခြင်းဖြစ်သည်။
စားသောက်ကုန်များအပြင် စက်သုံးဆီဈေးများလည်း မြင့်တက်နေသည်ဟု သိရသည်။ တစ်လီတာလျှင် ယခင် ၉၀၀၀ ကျပ်မှ လက်ရှိ ၁၂၀၀၀ ကျပ်သို့ တက်သွားခြင်းဖြစ်သည်။
ထိုသို့ အထွေထွေစားသောက်ကုန်ဈေးများ ယခင်ထက် ၄ ရာခိုင်နှုန်းခန့်မှ ၇ ရာခိုင်နှုန်းကြား စျေးမြင့်တက်သွားခြင်း ကြောင့် တဆင့်ခံ ပြန်လည် ဝယ်ယူသုံးစွဲရသည့် ဒေသများတွင် အဆင်မပြေမှုများဖြင့် ကြုံတွေ့နေရသည်ဟု ရမ်းဗြဲဒေသခံ အသက် ၂၃ နှစ် အရွယ် ကုန်သည်အမျိုးသမီး တစ်ဦးက ပြောသည်။
”ကျောက်တော်၊ မြောက်ဦးဘက်တွေက ကုန်ဈေးနူန်းတွေ ထိုးတက်လာတော့လေ ကျမတို့က ရမ်းဗြဲကို တစ်ဆင့် ပစ္စည်းတွေ ယူရတာပေါ့လေ။ အရင်ကထက် ဒီဘက်တွေမှာ ပိုဈေးများသွားတော့ အဆင်မပြေဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွက် ကုန်ပစ္စည်းသယ်ယူခွင့်အား စစ်ကောင်စီမှ ပိတ်သိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ မှစတင်၍ အခြေခံလူကုန်သုံးကုန်ပစ္စည်းများအား အိန္ဒိယနယ်စပ်မှ တစ်ဆင့် ကုန်သွယ်ခဲ့သည်။