ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့နယ်ထဲက သေ့သောဘိုး စစ်ကောင်စီစခန်းအား ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် အတူ Cobra Column 2 Venom ပူးပေါင်းစစ်ကြောင်းများမှ ဇွန်လ ၃ ရက် ညနေ သုံးနာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမ ပြောင်းသုံးပြောင်းအပါအဝင် လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ဇွန်လ ၄ ရက်တွင် Cobra Column 2 Venom အဖွဲ့မှ ထုတ်ပြန်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ သုံးစီးနှင့် Y 12 နှစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဝေါလေဗျူဟာမှလည်း လက်နက်ကြီးများဖြင့် စစ်ကူ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
သေ့ဘောဘိုး စခန်းတွင် စစ်ကောင်စီ အင်အား ၁၀၀ နီးပါးခန့်ရှိပြီး အဆိုပါ စခန်း သိမ်းတိုက်ပွဲအား မေလ ၂၀ ရက်မှ စတင်၍ တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ကာ နှစ်ပတ်ကျော်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု သိမ်းပိုက်ထားသည့် သေ့ဘောဘိုးစခန်းကို ၂၀၂၂ ခုနှစ် မေလတွင် ဗိုလ်ဒါဘော ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းမှ သိမ်းဆည်းနိုင်ခဲ့ပြီး ခြောက်လခန့်အကြာတွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ရန် မြဝတီ- ဝေါလေ ကားလမ်းတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း ဝေါလေဗျူဟာ၊ ဥကရစ်ထနှင့် ထီးကပလယ်စခန်းတို့သာ ကျန်ရှိတော့သည်။
ပုံစာ- သိမ်းဆည်းရရှိသည့် လက်နက်များအား တွေ့ရစဉ်
ဓါတ်ပုံ- Cobra Column 2 Venom အဖွဲ့





