ထိုင်းနိုင်ငံမှာ ဇွန်လ ၁ ရက်နဲ့ ၂ ရက်အတွင်း ကိုဗစ်ကူးစက်ခံထားရသူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဌာနက ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁ ရက်မှာ ကိုဗစ်ကူးစက်ခံရသူ ၁၈၀၀၀ ကျော်ရှိခဲ့ပြီး ဇွန်လ ၂ ရက်မှာတော့ လူပေါင်း ၁၀၀၀၀ ကျော်ကို ကိုဗစ် ကူးစက်ခံထားရတဲ့အတွက် ၂ ရက်အတွင်း ကိုဗစ် ကူးစက်ခံထားရသူ ၂၈,၂၉၄ ယောက်ရှိခဲ့တာပါ။
ကူးစက်ခံထားရသူတွေထဲက ၉၀၀၀ ကျော်က ပြင်ပလူနာတွေဖြစ်ကြပြီး ၉၀၀ နီးပါးကတော့ ဆေးရုံတွေမှာကုသမှုခံယူနေရပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် အတွင်း ကိုဗစ်ကြောင့် လူ ၇၀ နီးပါးခန့် သေဆုံးခဲ့ပြီး နိုင်ငံတကာခရီးသွားတွေလာရောက်လေ့ရှိတဲ့ ဘန်ကောက်မှာ သေဆုံးမှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်က ကျောင်းဖွင့်ရာသီဖြစ်သလို မိုးရာသီလည်းဖြစ်တဲ့အတွက် ကူးစက်မှုနှုန်း ပိုတိုးလာနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သဝက်စ်ဆင် ဗီစနူယိုတင်က ပြောပါတယ်။
မိုးရာသီကာလဖြစ်တာကြောင့် ကိုဗစ်နဲ့ လက္ခဏာတူတဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းကလည်း မြင့်တက်လာ နေပါတယ်။
မြန်မာနိုင်ငံမှာတော့ ကိုဗစ်အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ခံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက ဇွန်လ ၂ ရကက် ည ၈ နာရီ သတင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့မေလ ၂၅ ရက် ည ၈ နာရီကနေ ဇွန်လ ၁ ရက် ည ၈ နာရီအထိ ရက် တစ်ပတ်အတွင်း မြန်မာနိုင်ငံရဲ့ဓာတ်ခွဲ နမူနာ ၁,၇၀၀ ကျော်ကိုစစ်ဆေးခဲ့ရာမှာ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့တာဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသပေးရတဲ့လူနာနဲ့ သေဆုံးလူနာတွေတော့ မရှိဘူးလို့ သိရပါတယ်။