မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပဋိပက္ခများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် နေထိုင်သူများထဲမှ ၂ ဒဿမ ၇ သန်းက ဆင်းရဲကြပ်တည်းမှုကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်သည်။
ရန်ကုန်မြို့တွင် လူဦးရေ ၆ ဒဿမ ၂ သန်းခန့်ရှိပြီး အာဏာမသိမ်းမီ ကာလ ၂၀၁၇ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်အရောက်တွင် ၄၃ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ စီးပွားရေးမြို့တော် ရန်ကုန်၏ ဆင်းရဲမွဲတေမှု စစ်တမ်းအား လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်၊ ဒလနှင့် ဆိပ်ကြီးခနောင်တိုတို့တွင် နေထိုင်သူ ၄၈၀၀ ကျော်အား ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ မေးမြန်းချက်များအား စုစည်းဖော်ပြထားခြင်း ဖြစ်သည်။
ထိုကြောင့် ဆင်းရဲနွမ်းပါးသူများသည် ဆင်းရဲတွင်း နက်သထက် နက်လာပြီး ပြန်လည် နလန်ထူရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု အဆိုပါ စစ်တမ်းအရ သိရသည်။ ထိုထဲတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရန်ကုန်မြို့၏ ဆင်ခြင်ဖုံးရပ်ကွက်များသို့ ပြောင်းရွှေ့လာသူများ ပါဝင်သည်ဟု ဆိုသည်။
ထိုသို့ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွှေ့ပြောင်းလာသူများသည် ယခင်နေထိုင်သူများထက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လုံခြုံရေးပိုင်းတွင် ပိုမိုရုန်းကန်နေရသည်ဟုလည်း ဆိုသည်။ ၎င်းတို့၏ နေရပ်မှ ထွက်ပြေးတိမ်းရှောင်လာစဉ်တွင် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားအထောက်အထားစာရွက်များ ပျက်စီးသွားသည့်အပြင် ပြန်လည် ပြုလုပ်ရန် အခက်အခဲများ ရှိနေခြင်းကြောင့် အလုပ်အကိုင်ရရှိမှုပိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု အဆိုပါ စစ်တမ်းတွင် သုံးသပ်ထားသည်။
ထို့အပြင် ငွေကြေးအကြပ်အတည်းကြုံတွေ့နေရသူများအား ကြီးမားသည့် ဆေးရုံစရိတ်များကလည်း ပိုမို ခက်ခဲစေသည်ဟု ထောက်ပြသည်။ အဆိုပါ စစ်တမ်းတွင် ဖြေဆိုသူ ၈၂ ရာခိုင်နှုန်းသည် ငွေကြေးကြပ်တည်းနေသော်လည်း ကျန်းမာရေးပြဿနာများ ကြုံတွေ့ရပါက အစိုးရဆေးရုံများ၏ ဆေးကုသမှုကို မယုံကြည်သောကြောင့် ကုသစရိတ်မြင့်မားသည့် ပုဂ္ဂလိကဆေးရုံများတွင်သာ သွားရောက်ကုသမှု ခံယူနေရသည်ဟု ဆိုထားသည်။
ထိုသို့ ဆေးကုသမှု ခံယူနိုင်ရန်လည်း ပိုင်ဆိုင်သည့် ပစ္စည်းများအား ထုခွဲရောင်းချရသည်ဟု သိရသည်။ “ပုံမှန်သုံးနေကျထက် လျှော့ချရတာပေါ့။ မနက်ဆို လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်နေကျသူတွေ အခု မထိုင်နိုင်ဘူး။တစ်ခါတလေလောက်ပဲ။ ဒီကြားထဲ မကျန်းမာရင် နှစ်ရက်လောက် ဆေးခန်းပြရရင်ကို ငါးသောင်း၊ ခြောက်သောင်း ပလုံပဲ။ ဒါတောင် သွေးစစ်တာ ဘာညာမပါသေးဘူး။ အဲဒီလိုတွေ ပါရင်တစ်သိန်းလောက် သုံးရတာ။ ဒီကာလ မကျန်းမာရင် အသေခံရဖို့ပဲရှိတယ်။ ဝင်ငွေနည်းတဲ့ သူတွေအတွက်လေ”ဟု ပြည်တွင်းစစ် ပဋိပက္ခကြောင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့အပြင် ရန်ကုန်မြို့တွင် ၄၄ ရာခိုင်နှုန်းသည် ညနေ ၆ နာရီ အချိန်တွင်ပင် တစ်ယောက်တည်း လမ်းလျှောက်ရန်ပင် မလုံခြုံသည့် အခြေအနေ ဖြစ်နေကြသည်ဟု ဆိုသည်။
ထိုသို့ အထွေထွေ အကြပ်အတည်းဖြင့် ရင်ဆိုင်နေရသည့် စီးပွားရေးမြို့တော် ရန်ကုန်၏ ပြဿနာအား မဖြေရှင်းဘဲ ထားပါက ပိုပြီး ဆင်းရဲကြပ်တည်းမှုဖြင့် ကြုံတွေ့နိုင်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။