ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ထိုင်း – ကရင်နယ်စပ်ရှိ တပ်မ ၄၄ အခြေစိုက် သေ့ဘောဘိုးဗျူဟာကုန်းကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၂၀ ရက် ညမှစ၍ ပူးပေါင်းတပ်များက သေ့ဘောဘိုးစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၃ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြေပြင်ရဲဘော်တစ်ဦးက “မနေ့ကအထိ ဒရုန်းနဲ့တောက်လျှောက်ကြဲတာ။ ဒီနေ့မနက်လောက်မှာ ဂျန်မာ (ဒရုန်းဖျက်ပစ္စည်း) ပေါက်သွားတာ။ ကိုယ့်လူတွေက တက်လုံးလို့ ရသွားတာပေါ့။ ညနေ ၃ နာရီကျော်လောက်က ရသွားပြီ” ဟုဆိုသည်။
သေ့ဘောဘိုး ဗျူဟာကုန်းတွင် စစ်ကောင်စီအင်အား ၁၀၀ နီးပါးရှိသည်။ ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲတွင်လည်း တပ်မ ၄၄ တံဆိပ်ပါ လက်နက်များပါ ပုံနှင့်တကွ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့သည်။
ယနေ့ နေ့လည် မြန်မာစံတော်ချိန် ၁ နာရီ ၁၃ မိနစ်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် သေ့ဘောဘိုးစခန်းကို ဗုံးကြဲသွားသေးသည်။
အဆိုပါစခန်းအား ပြီးခဲ့သည့် ၂၀၂၂ မေလ ၁၈ ရက်က ဗိုလ်ဒါဘောဦဆောင်သော cobra စစ်ကြောင်းမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလတွင် စစ်ကောင်စီဘက်မှ ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြဝတီ – ဝေါ်လေကားလမ်းမတလျှောက်၌ ဝေါလေဗျူဟာ၊ ဥကရစ်ထ စသည့် စစ်ကောင်စီတပ်စခန်းများကျန်ရှိပြီး ဝေါ်လေအကျော်တွင် ထီးကပလယ် စခန်းတစ်ခုသာ ကျန်ရှိတော့သည်။