ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ တင်အောင်ကြိုင် ကျောက်တူးဖော်ရေးလုပ်ကွက်ဟောင်းတွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် နှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု လုံးခင်းဒေသခံများထံမှ သိရသည်။
ကချင်ပြည်နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း၌ ယနေ့ ဇွန်လ ၃ ရက် မွန်လွဲပိုင်း ၁ နာရီခန့်တွင် မိုးရာသီအလုပ်ရပ်နားထားသော ယမ်းဂိုထောင်ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့က ထမင်းစားပြန်နားနေတာ အဲဒီလုပ်ကွက်ထဲက ရေမဆေးတွေ ရှာနေတာပေါ့။ ရာသီကုန်လေ မိုးရာသီမို့ ဆိုက်နားတော့ အိပ်တဲ့ အဆောင်တွေ ရှိတယ်၊ အဲဒီအဆောင်တွေထဲက လူတွေ ထိတာ များတယ်။ ကျင်းခွက်ကြီးဖြစ်သွားတာ” ဟု ပေါက်ကွဲမှုဖြစ်ခဲ့သော တင်အောင်ကြိုင်လုပ်ကွက်အနီးတွင်နေထိုင်သူ အမျိုးသားက ပြောသည်။
အဆိုပေါက်ကွဲမှုဖြစ်စဉ်တွင် အမျိုးသား နှစ်ဦးခန့် သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု မှော်စီစာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးမှ ပေးပို့လာသည့် ရုပ်သံဖိုင်တွင် လူနားနေဆောင်ဟု ယူဆရသော အဆောက်အဦး၏ ခေါင်မိုးသွပ်ပြားများသည် ဘေးသို့ လွင့်ကျလျက်ရှိသည်ကို တွေ့ရပြီး အဆောက်အဦးသည်လည်း ပေါက်ကွဲမှုဒဏ်ကြောင့် ခေါင်မိုးပွင့်၍ တစစီပျက်စီးနေသည်ကိုလည်း တွေ့ရသည်။
ထို့အပြင် လုပ်ငန်းသုံးကားများလည်း ပျက်စီးသွားသည်ကို တွေ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။
”ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့်လို့တော့ ကျနော်တို့ကတော့ ကောက်ချက်ချပါတယ်။ ဖားကန့်ဗျူဟာမှာ ၁၂၀ မမ ထက် ကြီးတဲ့ လက်နက် မရှိတော့ဘူး။ အစပျိုးမှုတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုတစ်ခုလို့ ကျနော်တို့ကတော့ ကောက်ချက်ချပါတယ်။ ၁၂၀ မမ ဗုံးသီးတစ်လုံးရဲ့ ပေါက်ကွဲမှုအားက ဒီလောက်တော့ မရှိပါဘူး” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယောက်က ပြောသည်။
လက်ရှိလုံးခင်းဒေသအတွင်း၌ စစ်ကောင်စီမှ မှော်စီစာကျေးရွာဘုရားအနီးတွင် စစ်ကြောင်းထိုးနေသည်။ သို့သော် ဖားကန့်ဒေသခံတချို့ကတော့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဟု ဆိုကြသည်။
ပုံစာ- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကျောက်လုပ်ကွက်တခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော မြင်ကွင်းများ (ဓာတ်ပုံ- လုံခင်းဒေသခံတစ်ဦး)