

တပ်ရင်း ၅၁၀၁ သည် ၂၀၂၃ ခုနှစ်ဇွန်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေး(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်တွင် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့် ယခင်က မြို့ပြပြောက်ကျားလှုပ်ရှားမှုများဖြင့် တိုက်ခိုက်ခဲ့ရာမှတဆင့် လက်ရှိအချိန်တွင် PDF တပ်ရင်း/တပ်ဖွဲ့များကို စနစ်တကျ စုဖွဲ့ပြီး စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
တပ်ရင်း၅၁၀၁ စတင်ဖွဲ့စည်းပြီးချိန်မှစ၍ ကော့ကရိတ် တိုက်ပွဲ၊ တောင်ကြာအင်းတိုက်ပွဲများတွင် စတင်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းကယားနယ်စပ်တွင် အားဖြည့်ပါဝင်ခဲ့ခြင်း၊ ဖာပွန်တိုက်ပွဲတွင်လည်း မဟာမိတ်များနှင့်အတူ ရွပ်ရွပ်ချွံချွံ ပူးပေါင်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၈ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲတွင်လည်း မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ ဦးဆောင် တိုက်ပွဲဝင်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်အာဏာရှင်တော်လှန်ရေးအတွင်းတွင် တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ နိုင်ငံတော်အတွက် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါများစွန့်လွှတ်ပေးဆပ်ခဲ့ရပြီး စစ်အာဏာရှင်စနစ်လုံးဝကျဆုံးသည်အထိ ကိုယ်ကျိုးမငဲ့ပဲ ရဲဝံ့စွာ တိုက်ပွဲဝင်နေဆဲဖြစ်ပြီး ဆက်လက်တိုက်ပွဲဝင်နေမည်ဟု တပ်ရင်း ၅၁၀၁ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်သတင်းထုတ်ပြန်ခဲ့သည်။
ဓါတ်ပုံ – ရန်ကုန်တိုင်းစစ်ဌာန