ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။
ခလရ ၂၇၅ သည် ယခုလအတွင်း မြဝတီ – ဝေါလေကားလမ်းမနှင့် ဝေါလေအကျော်ရှိ စစ်စခန်းများကို ပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်နေစဥ် ပစ်ကူပေးသည့်အပြင် ကျေးရွာထဲသို့ လက်နက်ကြီးပစ်ထည့်သောကြောင့် ပူးပေါင်းတပ်ဘက်မှ ပြန်လည်ပစ်ခတ်ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော် တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက ” ပြီးခဲ့တဲ့ ဒီစခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ကြောင်းထိုးတုန်းက ကြားဖြတ်တိုက်ခိုက်တာတွေမှာ ၂၇၅ ကပဲ ပစ်ကူပေးနေတာလေ။ မဆီမဆိုင် ရွာထဲမှာတွေ ပစ်တာပဲ၊ ရွှေမြစန္ဒီတို့၊ မဲပလယ်တို့ထဲဆိုလည်း ခဏခဏပစ်လို့ ပြန်ပစ်တာ” ဟု ဆိုသည်။
မေလ ၃၁ ရက် ည ၇ နာရီကျော်မှ ၉ နာရီကျော်အထိ ၂၇၅ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်မှုအပြီး ဇွန်လ ၁ ရက် နံနက် ၃ နာရီကျော်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ပူးပေါင်းတပ်ဖွဲ့များရှိမည်ဟု ယူဆရသည့်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးမှုအခြေအနေကို သံလွင်ခက်မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ခလရ ၂၇၅ ကို ပြီးခဲ့သည့် ၂၀၂၄ ဧပြီလ ၁၀ ရက်တွင် စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဒါဘောဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းနှင့်အတူ ပူးပေါင်းတပ်ဖွဲ့ဘက်မှ သိမ်းပိုက်ခဲ့ပြီး ၁၀ ရက်အကြာတွင် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်သိမ်းယူခဲ့သည်။
ပုံစာ – မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်း