တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ၊ သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်းသို့ ဇွန်လ ၁ ရက်ညနေပိုင်းတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသပျံလွန်တော်မူခဲ့သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။
ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ်ပိုင်းအချိန်မှစတင်ကာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ညနေ ၃ နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်မှာ ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲသဖြင့် သက်တော် ၆၆ နှစ်၊ သိက္ခာတော် ၄၆ဝါရှိသော ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၏ ဦးခေါင်းအား ကျည်စထိမှန်သေဆုံးခဲ့ရသည်။
အမှန် ၈ ပြည်ထောင်စုလမ်း၊ ထားဝယ်-သရက်ချောင်းလမ်းပိုင်းရှိ ရွှေကူတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်များဖြစ် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်အား ပြောသည်။
“အရင်တစ်ခါလို အသိမ်းခံရမှာစိုးလို့ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတာ၊ တောင်ခြေက လူတစ်ယောက်တော့ သေတယ်ပြောတယ်။ သေချာလည်း မသိရဘူး” ဟု ၎င်းကပြောသည်။
ထားဝယ်ဒေသတွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ရေတပ်နှင့် ထားဝယ်မြို့အခြေစိုက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် မေလကုန်ပိုင်းအတွင်း ဒေသခံအများစုမှာ စစ်ဘေးရှောင်ခဲ့ရသည်။
ပုံစာ- လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ပျံလွန်တော်မူခဲ့သော ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ
ဓါတ်ပုံ – Naing Oo FB
