မေလ ၂၃ ရက်မှ ၂၉ ရက်အထိ တစ်ပတ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် ငလျင်သင့်ဒေသများတွင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
ထို့အပြင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က အင်အား ရစ်ခ်ျတာစကေး ၇.၇ ဖြင့် လှုပ်ခတ်သွားသည့် ငလျင်ဘေးဒဏ်ခံရသည့် ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒဏ်ရရာရှိသူ ၆၀ ဦးရှိ ခဲ့သည်ဟု သိရသည်။
ပဲခူးတိုင်းတွင် မေလ ၂၅ ရက်တစ်ရက်တည်း၌ ကလေး လေးဦးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ကလေး ၁၃ ဦးအပါအဝင် အရပ်သား ၃၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းတွင်လည်း ကလေး ၉ ဦး အပါအဝင် သေဆုံးသူ ၁၆ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့သည်။ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် အရွယ်မရောက်သေးသူ ကလေး လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုသိရသည်။
ထို့အပြင် ငလျင်သင့်သည့် မန္တလေးတိုင်းတွင် တစ်ပတ်အတွင်း ဗုံးကြဲမှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး ကလေး သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ မကွေးတိုင်းတွင်လည်း ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပါရှိသည်။
အဆိုပါ ရက်သတ္တပတ်အတွင်း ငလျင်သင့်ဒေသများအပါအဝင် ဒေသ ရှစ်ခုအား စစ်ကောင်စီမှ လေကြာင်း ၁၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်ရာတွင် တရုတ်ထုတ် Y12 အမျိုးအစားထောက်ပို့ယာဉ်နှင့် ဂျက်ဖိုက်တာများကို အသုံးပြုခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦးများ ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်ပါ အချက်အလက်များအရ သိရသည်။
အရပ်သားပြည်သူများ လူစုလူဝေးရှိသည့် နေရာများကို စစ်ကောင်စီမှ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နယ်မြေများမှ စာသင်ကျောင်းများအား ခေတ္တ ပိတ်ထားသည်။
ပုံစာ – အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် မြင်ကွင်း