ခင်သရဖီဦး
နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီဘက်မှ ဒုတိယ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၅ ဦးအား အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးမိခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အတည်ပြုပြောသည်။
“အဲဒါကိုတော့ အတည်ပြုလို့ ရပါတယ်။ ဖမ်းဆီးရမိတာ ရှိပါတယ်။ သတင်းက မှန်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက် ညနေ ၃ နာရီအချိန် မင်းတက်တောင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ကျော်လင်းကြိုင်နှင့် စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ခဲယမ်းအများအပြားနှင့် အတူ AA က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ လက်နက်ချ အလင်းဝင်သူများလည်း ရှိနေသည်ဟု ကျောက်ဖြူမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“အခုက ဒီဘက်မှာ လက်နက်ချ အလင်းဝင်နေတာတွေရှိတယ်။ ဖမ်းဆီးရမိထားတာလည်း အများအပြားရှိတယ်။ လက်နက်မပါဘဲရော လက်နက်ချပြီးတော့ရော အလံဖြူထောင်ပြီး အလင်းဝင်ရောက်လာသူတွေပါရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်ကလည်း ကျောက်ဖြူမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ ကျော်မျိုးအောင် သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း အေအေမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ထောင်ချီ ဖမ်းမိထားပြီး ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်အထိ စစ်သုံ့ပန်း ၁၀၀၀ နီးပါးခန့်ကို ပြန်လွှတ်ပေးခဲ့သည်။