အမီးလေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နှင့် လေရှီးမြို့တို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် တံတားများ ပြိုကျမျောပါသွားပြီး ထပ်မံ ပြိုကျမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်က လေရှီးမြို့တွင် လေပြင်းတိုက်ပြီး မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် လူနေအိမ် လေးလုံး မြေပြိုမှုတွင် ပါသွားပြီး ဆက်လက်၍ မိုးပြင်းထန်စွာ ရွာသွန်းပါက ထပ်မံ မြေပြိုမှုများ ဖြစ်မည်ကို စိုရိမ်းနေရသည်ဟု လေရှီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ကြီးကြီးမားမား ပြိုတာတော့ တစ်လုံး၊ အိမ်ပျက်စီးတာတော့ သုံး၊ လေးလုံးလောက်ရှိမယ်။ သိရသလောက် မိုးကအဆက်မပြတ်ရွာတာ တစ်ပတ်ကျော်ပြီး မိုးဆက်ရွာရင်တော့ စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပျက်စီးသွားသည့် နေအိမ်ရှိ နေထိုင်သူများအား လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် နေထိုင်ရန် နေရာချထားပေးပြီး အပျက်အစီးများကိုလည်း ဒေသခံများက ဝိုင်ကူရှင်းလင်းနေသည်ဟု သိရသည်။
ထို့အပြင် နန်းယွန်းမြို့တွင်လည်း မိုးလေးရက် ဆက်တိုက်ရွာသွန်းမှုကြောင့် ချောင်းရေကြီးနေပြီး တံတား နှစ်စင်း ရေထဲ မျောပါသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မိုးရွာနေတာ လေးရက်လောက် ရှိနေပြီ။ တောက်လျှောက် ရွာနေတာ ရေလည်း အရမ်းတက်လာနေတာ။ ကြိုးတံတား တစ်ခုပါသွားတာ။ ပျဉ်တံတားရော ပါသွားတယ်။ မိုးက အခုလည်း ရွာနေတာပဲ။ ဆက်ရွာရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ဇွန်လကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုပြီး လူနေအိမ် ၁၁ လုံး ရေထဲ မျောပါပျက်စီးသွားခဲ့သည်။




