






အဆိုပါ ဂေဟာမှာ Mother’s Arm Dogs and Cats Rescue and Shelter ဖြစ်ပြီး ယင်းသို့ လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် ခွေးအကောင်ရေ ၅၀၀ ခန့် နေထိုင်သည့် အဆောက်အအုံ ၅ ရုံ ပျက်စီးသွားသည်ဟု သိရသည်။
“စိတ်ညစ်တာပဲ သိတယ်။ ခြံအမြန် မကာပေးနိုင်မှာပဲ စိုးရိမ်နေပါတယ်။ အခုလက်ရှိ ၁၇ သိန်းလောက် အလှူငွေ ရထားပါတယ်။ ဘယ်လိုမှ ကာမရပါ။ ခြံက ၄၅၀ လောက်မှ ကာရပါမယ်” ဟု တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ခွေးလေးများမှာ နီးစပ်ရာ နေရာများသို့ လွတ်ထွက်သွားကာ လက်ရှိအချိန်အထိ ပြန်လည် မသိမ်းဆည်းနိုင်သေးဟု သိရသည်။
“အနားမှာ နေတဲ့ ခလေးတွေရှိသလို အဝေးပြေးတဲ့ ခလေးတွေလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့ မရှာနိုင်သေးပါဘူး။ ခြံစည်းရိုးပြန်ကာဖို့ပဲ အရင်ကြိုးစားရမှာမို့ပါ။ မလုံဘဲ ပြန်ဖမ်းလို့လည်း ဘယ်နားထည့်ရမလဲ။ လုံတဲ့ နေရာ မရှိပါဘူးရှင့်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် လေဆင်နှမောင်းကြောင့် ပျက်စီးသွားသည့် အုတ်တံတိုင်းများ၊ အပင်များနှင့် မီးကြိုးများအား လူအင်အား ၃၀ ခန့်ဖြင့် ရှင်းလင်းနေသော်လည်း လက်ရှိအချိအန်ထိ ရှင်းလင်း၍ မပြီးစီးသေးဟု ပြောသည်။
“သွပ်တွေဟာ တာဝါတိုင်တွေပေါ်တောင် တက်ချိတ် တစ်ရွာလောက်ကျော်ပြီး လွင့်သွားပါတယ်” ဟု အဆိုပါ ဂေဟာမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိ ဘိလမ်မြေ တစ်အိတ်လျှင် ကျပ် လေးသောင်းဝန်းကျင်ခန့် ပေါက်စျေးရှိသောကြောင့် ခွေးလေးများ လုံခြုံရေးအတွက် ခြံကာရန် ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့သို့ ခြံကာပြီးမှသာ ခွေးလေးများ နေထိုင်မည့် အဆောင်များအား ပြန်လည်တည်ဆောက်သွားမည်ဟု သိရသည်။
အဆိုပါ ဂေဟာတွင် ပိုင်ရှင်မဲ့ ခွေးအကောင်ရေ ၅၀၀ ခန့်နှင့် ကြောင်အကောင်ရေ ၁၀၀ ခန့်ရှိပြီး လက်ရှိတွင် ကြောင်လေးများနှင့် ခွေးအကောင်ရေ အနည်းငယ်ခန့်သာ ဂေဟာထဲတွင် ကျန်ခဲ့သည်ဟု သိရသည်။